Tuesday, September 11, 2012

ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး

တင်ဇာအောင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်
နိုင်ငံတကာ တင်ဒါ ခေါ်ယူရေးအတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး အဖွဲ့ငါးဖွဲ့ကို ပဏာမ ရွေးချယ်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ကဆိုသည်။

ယင်းသို့ ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို သုံးကြိမ် ကျင်းပခဲ့ပြီး ယခုလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် အဆိုပြုလွှာ တင်သွင်းထား သည့် ၆၄ ဖွဲ့ မှ  ငါးဖွဲ့ကိုရွေးချယ်ခဲ့သည်။

“တင်ဒါအကြံပေး အဖွဲ့တွေထဲမှာ အများဆုံးကတော့ ပြည်ပက ဖြစ်ပါတယ်။ ပထမ ၁၁ ဖွဲ့ရွေးထားပြီး ရွေးထားပါတယ်၊ အဲဒီနောက် ငါးဦးဖွဲ့ကို ထပ်ရွေးတယ်။ နောက်ထပ် ရွေးပါဦးမယ်။ သုံးဖွဲ့ ဖြစ်ချင်လည်း ဖြစ်မယ်။ အပြီးသတ် ရွေးဖို့ ကျန်ပါသေးတယ်။ ဘယ်အချိန် ဖြစ်မလည်း ဆိုတာတော့ ပြောလို့မရသေးပါဘူး” မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ဟု ပြောသည်။

ဆက်သွယ်ရေး အကြံပေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးသို့  အဆိုပြုလွှာ တင်ထားသော နိုင်ငံများမှာ အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီ၊ စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန် အစရှိသော နိုင်ငံများလည်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။

တင်ဒါအကြံပေး လုပ်ကိုင်ရန်အတွက် စီစစ်ရွေးချယ်ရခြင်း အစည်းအဝေးများ ကျင်းပခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်
ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဝင်းသန်းက  ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ဈေးနှုန်းသက်သာပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စက်ပစ္စည်းကောင်းများ ဝယ်ယူနိုင်ရေးအတွက် ဖြစ်ပြီး နိုင်ငံတကာ အတွေ့အကြုံရှိသော International Telecom Union  (ITU )မှ အကြံဥာဏ်များလည်း ရယူခဲ့ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝဘ်ဆိုဒ်တွင် ဖော်ပြထား သည်။

နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ဒါခေါ်ယူ နိုင်ရန်အတွက် တင်ဒါအကြံပေး အဖွဲ့များ ဖိတ်ခေါ်ခြင်းကို ဇူလိုင်လ အတွင်းက စတင်ခေါ်ယူခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရဘတ်ဂျတ် မှီခိုခြင်း မရှိဘဲ ကောပိုရေးရှင် အဖြစ်
ဆောင်ရွက်သွားရန် နှင့် ဆက်သွယ်ရေး အပါအဝင်ပုဂ္ဂလိက ကုမ္ပဏီလေးခုတို့ က ဆက်သွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြုပြင်ပြောင်းလဲရေး အစီအစဉ် အရ သိရသည်။

ယင်းသို့ ဆက်သွယ်ရေးလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ကိုင်ရာတွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှု တစ်ခုတည်းသာ မဟုတ်ဘဲ အင်တာနက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်သွားမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates