Friday, September 14, 2012

ရန်ကုန်တိုင်း တရားရုံးနှင့် တရားလွှတ်တော်ရုံး ဟိုတယ်ပြုလုပ်မှု ရှေ့နေများကန့်ကွက်

ကိုကိုအောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၀၁ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကိုလိုနီခေတ် လက်ရာများဖြစ်သည့် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်းတရားရုံးတို့ကို တရားရုံးအဖြစ်သာ ဆက်လက် ထားရှိသင့်ပြီး ဟိုတယ်ပြုလုပ်ရန် အတွက် တရုတ် ကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးခြင်းသည် သင့်လျော်မှုမရှိဟု တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက ပြောသည်။

“တရားရုံးဆောက်လုပ်ထားတဲ့ ရည်ရွယ်ချက်က တရားရုံးအဖြစ်ထားဖို့ပဲ၊ ဒီက တရားရုံးတွေက ဂုဏ်သိက္ခာရှိတဲ့ ရုံးတွေပါ။ ရှေ့နေတွေ အမှုသည်တွေအတွက် သွားရေး၊လာရေး အလွန်အဆင်ပြေတဲ့နေရာတွေမှာ ရှိနေပါတယ်။ ပြီးတော ပုဂ္ဂလိကကို လွှဲပေးရတဲ ရည်ရွယ်ချက်ကို နားမလည်ပါဘူး” ဟုတရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ က ပြောသည်။

နိုင်ငံပိုင် အဆောက်အဦးများကို ပုဂ္ဂလိကသို့ လွဲပြောင်းပေးသည့် အခါတွင် စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အဦးများနှင့် အသုံးပြုရန်မရှိတော့သည့် အဆာက်အဦးများကိုသာ လွှဲပြောင်းပေးသင့်သည်ဟု လည်း ရှေ့နေများကွန်ယက်နာယက ဦးသန်းတင်က ပြောသည်။

မူလကတည်းက တရားရုံးအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားခြင်းဖြစ်သည့်အပြင် တရားရုံးအဖြစ် အသုံးပြုလျက် လည်းရှိသည့် အဆောက်အဦးများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးပြီး တရားရုံးများကို အခြားအခြားသော အရပ်ဒေသများသို့ပြောင်းရွှေ့ခြင်းမှာလည်း သင့်တော်သည့် လုပ်ရပ်မဟုတ်ဟု ဦးသန်းတင်က ပြောသည်။

"ဒီလို ရှေးဟောင်းအဆောက်ဦးတွေကို ဖျတ်ဆီးရင်အပြစ်တွေ ပေးနိုင်ပါတယ်လို့ ဥပဒေတွေပြဋ္ဌာန်းခဲ့တယ်၊ ခုဒါတွေ ရောင်းစားနေတယ်ဆိုပြီး ရင်ထုမနာကြားနေရပါတယ်" ဟု ဦးသန်းတင်က ပြောသည်။

အဆိုပါ အဆောက်အအုံသည် စတင်တည်ဆောက်စဉ်က တရားသူကြီးများစွာ ရုံးထိုင်၍ အမှုများ စီရင်စစ်ဆေးနိုင်ရန် တရားခွင်၊ တရားသူကြီးရုံးခန်း၊ ဘီလစ်ရုံးခန်း၊ အမှုတွဲမှတ်တမ်းများ ထားရှိသည့်အခန်း စသည်ဖြင့် စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောက်လုပ်ထားခြင်းကြောင့် တရားရုံးအဖြစ်သာ ဆက်လက်ထားရှိ အသုံးပြုသင့်ကြောင်း ရှေ့နေများကွန်ရက်၏ ယခုလ ၉ ရက်နေ့ ကြေငြာချက် တွင်လည်း ဖော်ပြထားသည်။

"အဓိကကတော နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ပဲ၊ ဒီအဆောက်ဦးတွေက အင်္ဂလိပ်တွေဆောက်ခဲ့တာ။ ဒီမှာ နယ်ချဲ့တွေရဲ့အရိပ်ငွေ့တွေ မရှိချင်တဲ့ စိတ်ပဲ။ နောင်လာနောက်သားတွေကို ပြောဖို့အတွက် ဒါတွေက မားမားမတ်မတ် ကျန်နေသင့်တယ်" ဟုလည်း NLD နာယက ဦးတင်ဦးက ဆိုသည်။

ရုံးကို ဟိုတယ်ပြုလုပ်ရန်အတွက် တရုတ်ကုမ္ပဏီတစ်ခုသို့ ပုဂ္ဂိကပိုင် ပြုလုပ်ရေးကော်မရှင်က လွှဲပြောင်းပေးခဲ့ပြီး စားသောက်ဆိုင်များ ပန်းခြံများပါနှင့် ပြတိုက်အဖြစ် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ လုပ်ရပ်များ ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ တင်ပြသွားမည်ဟုလည်း ရှေ့နေများကွန်ယက်က ဆိုသည်။

ယခုအခါ ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အဦး ၁၈၉ လုံးရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates