Saturday, September 15, 2012

၁၀၀% လာရောက် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ စိုးရိမ်ချက်

နေလင်းအောင်၊ ကြည်ပြာ | စနေနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံ သူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဘဏ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍများကို အများဆုံး စိတ်ဝင်စားလျက်ရှိကြပြီး ယင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ရရှိလိုကြောင်း မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ကိုင်နေသော Yoma Strategic Holdings မှာ အမှုဆောင်ဥက္ကဋ္ဌ Mr. Serge Pun က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင် ကျင်းပခဲ့သည့် Myanmar Global Investment Forum တွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက် ရှိဖို့လိုတယ်။ လုံခြုံမှု ရှိစေနိုင်ရမယ်။ ကာလရှည် ရင်းနှီးမြှုပ်နှံနိုင်ဖို့အခွင့်အရေးရှိသင့်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများအား ပြည်တွင်းလုပ်ငန်းများနှင့် ချိတ်ဆက် အကြံပေးခြင်းတို့ကို ဆောင်ရွက်နေသော Thura Swiss ကုမ္ပဏီမှ အမှုဆောင်အရာရှိ ဦးအောင်သူရ ကလည်း “နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေက ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း လုပ်ကိုင်မယ်ဆိုရင်လည်း အနည်းဆုံး ၅၁ ရာခိုင်နှုန်း လိုချင်တယ်။ ဒါက သူတို့ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ရရှိလိုတာကြောင့်ပါ” ဟု ပြောဆိုသွားသည်။

သို့မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံခွင့်ကို ၄၉ ရာခိုင်နှုန်းအထိသာ ထည့်ဝင်ခွင့် ရမည်ဆိုပါက ၎င်းတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် လျော့နည်းမည်ကို စိုးရိမ်ကြောင်းလည်း စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များက ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။

ပြည်ထောင်စုလွှတ်တော်မှ သမ္မတ ထံသို့ တင်ပြထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း)တွင်မူ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဝန်ဆောင်မှုလုပ်ငန်း၊ သဘာဝရင်းမြစ် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လုပ်ငန်းများ၊ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း စသည့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်များ ကန့်သတ်ထားခြင်းကိုလည်း အချို့က အဟန့်အတားတခုအဖြစ် ထင်မြင်သည်။

“ဥပဒေ မူကြမ်းမှာက ကန့်သတ်ချက်တွေ များနေတယ်။ ဒီကန့်သတ်ချက်တွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ့်နေရာမှာ အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒီလို အဟန့်အတား ဖြစ်လာရင် သူတို့ဆီမှာ ပါလာမယ့် နည်းပညာတွေ ရရှိနိုင်ဖို့လည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟု စက်တင်ဘာလ အစောပိုင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Mikael Hemniti Winther ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု
အလားအလာ၏ အလွန်ကောင်းမွန်သော အခြေအနေနှင့် ဆက်စပ်နေသော တချိန်တည်းတွင် အခြေခံ အဆောက်အအုံများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေများ တိကျခိုင်မာစွာ ရှိသင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း နိုင်ငံတိုင်းအတွက် လုပ်ငန်းလုပ်ကိုင်နိုင်သော အခြေအနေများ ဖန်တီးပေးသင့်ကြောင်း  သြဂုတ်လ ၃၀ ရက်နေ့က UMFCCI တွင်ပြုလုပ်သော ဒိန်းမတ်နိုင်ငံမှလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များ စီးပွားရေး ဆွေးနွေးပွဲတွင်
ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်ကို ကဏ္ဍတိုင်းတွင် ရာနှုန်းပြည့် လုပ်ပိုင်ခွင့်များ ပေးလျှင် ပြည်တွင်း လုပ်ငန်းရှင်များအတွက် ယှဉ်ပြိုင်မှုများ တိုးလာပြီး အခက်အခဲ ကြီးမားနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင် အသိုင်းအဝန်းက စိုးရိမ်မှုများ ရှိနေသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ပေးဖို့ဆိုတာက တိုင်းရင်းသား လုပ်ငန်းရှင်တွေ မလုပ်ကိုင်နိုင်တဲ့၊ ဒီကလူတွေ နည်းပညာ မတတ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ အတွက်ပဲ ဖြစ်သင့်တယ်။ ဘဏ်လုပ်ငန်းတွေရော၊ စားသောက်ကုန် လုပ်ငန်းတွေရော၊ စတဲ့ ပြည်တွင်းက လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်ဆိုရင် နိုင်ငံသားပိုင် အသေးစား အလတ်စားလုပ်ငန်းတွေ ဒုက္ခရောက်သွားနိုင်တယ်” ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် က သတိပေး ပြောဆိုသွားသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများက လာရောက်ဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိပြီး တနှစ်တာ ကာလအတွင်းမှာပင် ပြည်ပ ကုမ္ပဏီ တထောင်ခန့် လာရောက်
ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းတို့ထဲတွင် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ အများဆုံး ဖြစ်ကြောင်းလည်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ ဒါရိုက်တာ ဦးကျော်ဇောမောင် ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates