ကျော်ဖုန်းကျော် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၉ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အထွက်တွင် တည်ရှိသော ထင်းရှုးမြိုင် ဘုန်းကြီးကျောင်းအား ပြည်နယ် သံဃာ့နာယကမှ ဖျက်သိမ်းရန် ဖိအားပေးခဲ့ပြီး သံဃာ့နာယကမှ သံဃာများနှင့်အတူ လိုက်ပါလာသော မီးသတ်နှင့် အရပ်သား စုစုပေါင်း ဦးရေ ၁၀၀ ကျော်က ဘုန်းကြီးကျောင်းဝင်းအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဝင်ဖျက်ခဲ့ကြသည်ဟု
ကျောင်းထိုင်ဆရာတော် ဦးကုဝိစာရက မဇ္ဈိမကို အမိန့်ရှိသည်။
“ဘုန်းကြီးတို့ တည်းခိုနေတဲ့ တဲ ခြောက်ကျောင်းကို ဖျက်သွားတယ်။ နောက် ဆွမ်းစားဆောင်က နံရံတွေကိုလည် ဖျက်သွားတယ်” ဟု မိန့်သည်။
အဆိုပါ ဘုန်းကြီးကျောင်းတည်ရှိရာ နေရာမှာ ကမ္ဘောဇ ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်း တည်ဆောက်မည့် နေရာ ဖြစ်နေသောကြောင့် သံဃာ ၂၂ ပါး သီတင်းသုံးလျက်ရှိသည့် ကျောင်းကို ဤကဲ့သို့ ဖိအားပေးခြင်း၊ ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ဆရာတော် ဦးကုဝိစာရက ယုံကြည်လျက်ရှိသည်။
ပေ ၃ဝဝ x ပေ ၆ဝဝ ခန့် ကျယ်ဝန်းသော ယင်းဘုန်းကြီးကျောင်းခြံဝင်းသည် ကမ္ဘောဇ
ဘောလုံးအသင်း လေ့ကျင့်ရေး ကွင်း တည်ဆောက်မည့် မြေနေရာတွင် တစိတ်တပိုင်း ပါဝင်လျက်ရှိသဖြင့် အခြားနေရာသို့ ရွှေ့ပြောင်းပေးပါရန် ကမ္ဘောဇအသင်းက လွန်ခဲ့သော နှစ်နှစ်ကတည်းက လာရောက် လျှောက်ထားခဲ့သည်ဟု ဦးကုဝိစာရက မိန့်သည်။
ထို့ပြင် ဘောလုံးအသင်းပိုင်ရှင် ဦးအောင်ကိုဝင်း က ဘုန်းကြီး ကျောင်းတခု ပြန်လည် စီစဉ်ပေးမည့်အကြောင်း အသင်းမှ တာဝန်ရှိသူများက လာရောက် ပြောဆိုမှုများ ရှိခဲ့သည်ဟုလည်း ဆရာတော်က မိန့်သည်။
ကမ္ဘောဇ ဘောလုံးအသင်း၏ အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းအောင် ကမူ ဘုန်းကြီးကျောင်းကို ဖျက်သိမ်းရန် စေခိုင်းမှုသည် ၎င်းတို့ဘောလုံးအသင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ တောင်ကြီးမြို့၏ သံဃာ့နာယကအဖွဲ့က မြို့ပေါ်ရှိ ကျူးကျော် မြေနေရာများတွင် ရှိသော ဘုန်းကြီးကျောင်းများကို ရှင်းထုတ်သည့် စီမံချက်ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
“ဒီကိစ္စက ကျနော်တို့နဲ့ မဆိုင်ပါဘူး။ မြို့နယ်သံဃာ့နာယက က ကျူးကျော်နေထိုင်သည့် ဘုန်းကြီးကျောင်းတွေကို ဖျက်တာပါ” ဟု ဆိုသည်။
ပြည်နယ် သာသနာရေး ဦးစီးဌာနက အဆိုပါ ဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် သြဂုတ်လအတွင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း ကိုယ်တော်တို့အနေဖြင့် အခြား သီတင်းသုံးရန် နေရာမရှိသဖြင့် ပြောင်းရွှေ့နိုင်ခြင်း မရှိခဲ့ကြောင်း “ဘယ်ကို ပြေးရမှန်းတောင် မသိပါဘူး” ဟု ဆရာတော်က အမိန့်ရှိသည်။
သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောင်ငယ် ခြောက်ကျောင်းနှင့် ဆွမ်းစားဆောင်တို့၏ အကာများကို ဖျက်ဆီးခဲ့သဖြင့် လက်ရှိတွင် သံဃာတော်များသည် အကာမရှိသော ကျောင်းသင်္ခန်းများ၌ ဆက်လက် သီတင်းသုံး နေရပြီး ဒေသရာသီဥတုသည် အေးသောကြောင့် အခက်အခဲရှိနေသည်ဟု ဦးကုဝိစာရက မဇ္ဈိမကို မိန့်ကြားသွား သည်။

![]() |
| တောင်ကြီးမြို့ ထင်းရှူးမြိုင်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကုဝိစာရ |