Wednesday, September 26, 2012

တရုတ် သင်္ဘောသား ၁၃ ဦး သတ်မှု နော်ခမ်း ဝန်ခံထွက်ဆို

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်ပေါ်ရှိ တရုတ် ကုန်သင်္ဘော နှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း မူးယစ်ရာဇာ နော်ခမ်း က ဝန်ခံ ဖြောင့်ချက်ပေးလိုက်သည်။

ထိုအမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ခြောက်ဦးအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ စက်တင်ဘာလ ၂၁ ရက်နေ့က ဒုတိယအကြိမ် ကြားနာစစ်ဆေးစဉ် အဓိက စွပ်စွဲခံရသူ နော်ခမ်း က အစိုးရရှေ့နေများ၏ ပြသသည့် သက်သေခံ အထောက်အထားများကို မငြင်းဆန်ဘဲ ထွက်ဆိုသွားခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၎င်းတို့ ခြောက်ဦးအား နိုင်ငံတကာ လူသတ်မှု၊ မူယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘော အပိုင်စီးမှုတို့ဖြင့် စွဲဆိုထားခြင်း ဖြစ်ပြီး စီရင်ချက်များ ချမှတ်ရန်အတွက် တရားရုံးက ထပ်မံချိန်းဆိုမည် ဖြစ်သည်။

စက်တင်ဘာလ ၂ဝ ရက်နေ့က ပထမအကြိမ် ကြားနာစစ်ဆေးစဉ်ကမူ ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအား စီစဉ်ခဲ့ခြင်း မရှိကြောင်း နော်ခမ်း က ငြင်းချက် ထွက်ဆိုခဲ့သေးသည်။

သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများက လျော်ကြေးအဖြစ် ယွမ်ငွေ ကုဋေနှင့်ချီ၍ တောင်းဆိုထားပြီး
နော်ခမ်း အနေဖြင့် လျော်ကြေး ပေးဆောင်ရန် ဆန္ဒရှိကာ ၎င်းတွင် ထိုင်းဘတ်ငွေ သန်း ၃ဝ (ယွမ်ငွေ ၆ သန်းခန့်) ရှိကြောင်း
ပြောဆိုသွားခဲ့သည်။

ပြီခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ်တွင် ရှမ်းလူမျိုး နော်ခမ်းတို့ အဖွဲ့မှ ပြန်ပေးဆွဲလာခဲ့သည့် တရုတ်အလံတင် သင်္ဘော
နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း တရုတ်နိုင်ငံသား ၁၃ ဦး၏ အလောင်းများကို မြစ်အတွင်းမှ ဆည်ယူရရှိခဲ့သည်။

နောက်ပိုင်းတွင် ထိုတိုက်ခိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်နေသူ ပါမောင်း အထူးတပ်ဖွဲ့ဝင် အရာရှိ ကိုးဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

သေဆုံးသူ တရုတ်များမှာ ‘Hua Ping’ နှင့်  ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်ပြီး Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

ထို့နောက် ထိုသင်္ဘောများအား ပြန်ပေးဆွဲခဲ့သူ နော်ခမ်းနှင့်အတူ ငါးဦးအား ယခုနှစ် အစောပိုင်းက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် ဧပြီလ ၂၅ ရက်နေ့က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ မေလ ၁ဝ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates