Thursday, September 20, 2012

မြန်မာကလေးများကို လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်ချီးကျူး

လင်းကိုကိုထက် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ Digicel ဆက်သွယ်ရေးကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကလေး ငယ်များကို ဘောလုံးပညာ ပို့ချပေးနေသော လီဗာပူးလ် ကစားသမားဟောင်း ဂျွန်ဘမ်းစ်က မြန်မာ ကလေးငယ်များ၏ ဘောလုံး စွမ်းရည်ကို ချီးကျူးသွားခဲ့ပြီး ကမ္ဘာ့မည်သည့်
နေရာ၌ရှိသော ကလေးများနှင့်မဆို အရည်အသွေး အတူတူပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

မြန်မာကလေးငယ်များကို ပြုစုပျိုးထောင်မှုနှင့် ပတ်သက်ပြီး ဂျွန်ဘမ်းစ်က “၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေးတွေ ထူးချွန် လာဖို့ဆိုတာ သူတို့ရဲ့စွမ်းရည်တင် မကပါဘူး စည်းကမ်းတို့၊ သင်ကြားပြသမှုတို့လည်း လိုပါတယ်။ ကစားဖို့ အခွင့်အရေး ရ/မရဆိုတဲ့ အချက်ကလည်း အထူးလိုအပ်ပါတယ်။ မြန်မာ လူငယ်လေးတွေနဲ့ မနေ့က တွေ့ရတဲ့ အပိုင်းတွေမှာတော့ တကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေရဲ့ အရည်အသွေးနဲ့ အတူတူပါပဲ။ သူတို့မှာလည်း ကိုယ်ပိုင်အရည်အသွေးလေးတွေ ရှိတယ်လို့ ယူဆမိပါတယ်” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော Digicel ၏အာရှပစိဖိတ်ဆိုင်ရာ အကြီးအကဲ မစ္စစလိုဝေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ် (ဓါတ်ပုံ - လင်းကိုကိုထက်/မဇ္ဈိမ)

စက်တင်ဘာလ ၁၇ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ဂျွန်ဘမ်းစ်သည် လေးရက်တာ ကာလအတွင်း ၁၂ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲမှ ရွေးချယ်ထားသော ကစားသမား ၅၀ ဦးနှင့် နည်းပြ ၄၀ ဦးကို ဘောလုံးနှင့် သက်ဆိုင်သည့် သင်ခန်းစာများ ပို့ချသွားမည် ဖြစ်သည်။

ဂျမေကာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတခု ဖြစ်သည့် Digicel သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်
အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း လုပ်ဆောင်ရန် သုံးနှစ် စာချုပ်ချုပ်ဆိုထားပြီး အမျိုးသား၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ Myanmar National League ရှုံးထွက်ဖလား၊ U-12၊ U-14 နှင့် U-16 ကစားသမားများအား ပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားသွားခြင်း မရှိခဲ့ပေ။ ပံ့ပိုးမှုများအတွက် ငွေကြေးမည်မျှ သုံးစွဲမည်ဆိုသည်ကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ဘဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော သတင်း
ထောက် သုံးဦးက ငွေကြေးအသုံးပြုမှုနှင့် ပတ်သက်သော မေးခွန်းများကို မေးမြန်းခဲ့ သော်လည်း Digicel ၏ အာရှ ပစိဖိတ်ဆိုင်ရာ အကြီးအကဲ မစ္စစလိုဝေးက ပြန်လည်ဖြေကြားသွားခြင်း မရှိခဲ့ပေ။

“Digicel အနေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ သုံးနှစ် စာချုပ် ချုပ်ဆိုထားတာတော့ ရှိပါတယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေကိုတော့ ပြောပြလို့မရပါဘူး” ဟု မစ္စ စလိုဝေး က မဇ္ဈိမကို ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates