Friday, September 14, 2012

‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ မကြာမီ ထွက်တော့မည်

ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ လျှပ်စစ်မီး မရရှိမှု အပါအဝင် အခြားတိုင်းပြည် အခြေအနေများကို ပြည်ထောင်စု လွှတ်တော် အတွင်း ကိုယ်စားလှယ်များ ဆွေးနွေးချက်များအား ထောက်ပြ၍ လှောင်ပြောင် သရော်ထားသည့် ‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ ဗီဒီယိုဇာတ်လမ်းခွေကို မကြာမီ ဖြန့်ချိတော့မည် ဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ထုတ်လုပ်သော ၄၇ မိနစ်ကြာ အဆိုပါ ဗီဒီယို ဇာတ်လမ်းခွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကြာသာပတေးနေ့က မိတ်ဆက် ပြသခဲ့သည်။

အစိုးရ ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရေးအား လွှတ်တော်အတွင်း ဆွေးနွေးချက်များ၊ တောင်သူ လယ်သမားများ ထံမှ ပုဂ္ဂလိက ကုမ္ပဏီများ လယ်ယာသိမ်းယူမှုများအပေါ် လွှတ်တော် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုကို သရော်ထားချက်များ၊ အမျိုးသမီး လွှတ်တော်အမတ်တဦး၏ တင်ပြလိုချက်များကိုလည်း ထည့်သွင်း သရော်ထား သည်ကို တွေ့ရသည်။

“လွှတ်တော်ထဲမှာ ဘယ်လောက်အတိုင်းအတာထိ ဒီအကြောင်းအရာတွေ မူတည်ပြီး ပြည်သူတွေအတွက် တကယ် အကျိုးရှိမဲ့ အနေအထားထိ ဆုံးဖြတ်နိုင်သလဲ။ ဆုံးဖြတ်နိုင်ခွင့် ရနေသလဲ။ သူတို့ ဆွေးနွေး
နေတာတွေကို ပြည်သူ တွေကြားမှာ တင်ပြချင်တာ ဖြစ်တယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

လွှတ်တော်စည်းဝေးကို မကြာခဏ ခေါ်ယူ ကျင်းပခြင်း၊ ကိုယ်စားလှယ်များ တင်သွင်းသည့် အဆို၊ မေးခွန်းများအပေါ် ငြင်းခုံခြင်း၊ တချို့ အဖြေမရခြင်း၊ ဆုံးဖြတ်ချက် မရခြင်းနှင့် တချို့အဆိုများ ရှုံးနှိမ့်မှုများ စသည့် အနေအထားများ အပေါ် အခြေခံ၍ “ဇွတ်ခေါ်တဲ့ လွှတ်တော်”ဟု အမည်ပေးခြင်း ဖြစ်သည်ဟု ဒေါ်တင်တင်ညိုက ပြောသည်။

‘ရွှေမိ’ဆိုသည့် အမျိုးသမီးတဦးက နေပြည်တော်အတွင် လွှတ်တော်တက်နေသော ကိုယ်စားလှယ်များ၏ သွားလာရေး၊ စားသောက်ရေး အခက်အခဲများကို ဟာသတခု အနေဖြင့် ဖန်တီးတင်ဆက်ထားသေးသည်။

သတင်းထောက်တဦး လွှတ်တော်သတင်း ရယူရာတွင် ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများကို
မေးမြန်း၍ သရော်ထားသည့် ဇာတ်ကွက်များလည်း ပါဝင်သည်။

ဇတ်ညွန်းကို စာရေးဆရာ ‘ဇူးလူး’ က လေးလကြာ ရေးသားထားပြီး တလကြာ ရိုက်ကူးခဲ့သည်ဟု သိရသည်။

ပရိသတ်များ အနေဖြင့် လွှတ်တော် စည်းဝေးခန်းမ၏ အရေးကြီးကြောင်းကို ပြည်သူများအနေဖြင့် သိရှိသွားနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာ ‘ဇော်ကြီး’ က “ဇာတ်ဝင်ခန်း တော်တော်များများက အခန်းကြီးတခန်းထဲမှာပဲ ပြီးသွားတယ်။ ဒီအခန်းကြီးတခန်းက အကုန်လုံးအတွက် ဆုံးဖြတ်ပေးနေတယ်ဆိုတော့ ဒီအခန်းကြီးက ဘယ်လောက်အရေးကြီး တယ်ဆိုတာကို ကြည့်တဲ့ ကျနော်တို့ ပြည်သူတွေကို သိစေချင်တယ်။ ဒီအခန်းကြီးကို သတိထား မိစေချင်တယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါ ဇာတ်လမ်း ဗီဒီယိုခွေများအား မြန်မာပြည်သူများထံသို့ အမြန်ဆုံး တင်ဆက်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း WLB မှပင် “ချွတ်ချော်တဲ့ လွှတ်တော်” အမည်ဖြင့် လွှတ်တော် စည်းဝေးအား သရော်ထားသော ရုပ်သံဗီဒီယိုတခုအား ပထမဆုံးအကြိမ် ထုတ်လွင့် ဖြန့်ချိခဲ့ပြီး ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates