Tuesday, September 18, 2012

ထိုင်း ၈၃ ဦး လွတ်မြောက်လာ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။   ။ မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီး
ထောင်ချခံနေရသော ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးကို တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကော့သောင်း ထောင်မှ လွတ်မြောက်လာမည့် ၎င်းတို့အား ထိုင်းနိုင်ငံ ရနောင်း ဘက်ကမ်းသို့ ပို့ဆောင်ပေးရန်အတွက် လိုအပ်သော စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် ထိုင်းသံအရာရှိများလည်း
ကော့သောင်းမြို့သို့ ရောက်ရှိနေကြကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ပါရှိသည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် တရားမဝင် နိုင်ငံ ကျူးကျော်ဝင်ရောက် နေထိုင်ကာ ရာဘာနှင့် ဆေးခြောက်စိုက်ခင်း စိုက်ပျိုး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို ခရိုင် တရားရုံးက တရားမဝင် နိုင်ငံ ခိုးဝင်မှု၊ သစ်တောမှုတို့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ထိုအထဲမှ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲခံထားရသည့် ကိုးဦးအနက် လက်နက်မှုဖြင့် ရှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသည်။

တနင်္လာနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အခြား အိမ်နီးချင်း နိုင်ငံခြားသားများလည်း လွတ်မြောက်လာကြရာ အိုးဘိုထောင်နှင့် ကလေးမြို့ထောင်တို့မှ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ လွတ်မြောက်လာကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates