Tuesday, August 28, 2012

လယ်ယာ ကော်ပိုရေးရှင်း ရှယ်ယာ ကျပ် ၁၀၀ ဘီလီလျံဖိုး ရောင်းချမည်

နေလင်းအောင် | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ ပြည်တွင်းစီးပွားရေး ယှဉ်ပြိုင်မှု စွမ်းအား မြင့်လာစေရန်အတွက် မြန်မာနိုင်ငံ လယ်ယာစီးပွား ဖွံဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းမှ အစုရှယ်ယာ တန်ဖိုး ကျပ် ၁၀၀ ဘီလီလျံ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း ကော်ပိုရေးရှင်း တာဝန်ရှိသူတဦး က ပြောသည်။

အဆိုပါ ကော်ပိုရေးရှင်းကို ကနဦးအဖြစ် သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဆန်စပါး အထူးပြု ကုမ္ပဏီများနှင့် အခြား စီပွားရေး လုပ်ငန်းရှင် ၃၇ ဦးက စတင်ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၀ ဒဿမ ၄ ဘီလီလျံဖြင့် ဖွဲ့စည်းထားသည်။ ရှယ်ယာ တခုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် သြဂုတ်လ ၂၆ ရက်နေ့မှ စတင် ရောင်းချလျက် ရှိသည်။

“သတ်မှတ်ထား အစုရှယ်ယာ ပြည့်မီအောင် ရောင်းချသွားမှဖြစ်တယ်” ဟု ကော်ပရိုရှင်း တာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း၏ဖွင့်ပွဲနှင့် အစုရှယ်ယာများ စတင်ရောင်ချခြင်း အခမ်းအနားကို ရန်ကုန်မြို့ စထရင်းဟိုတ်တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ပြုလုပ်ကျင်းပစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

လူ တဦးလျှင် အစုရှယ်များကို ကျပ်ငွေ သန်းတထောင် အထိ ဝယ်ယူခွင့်ရှိပြီး အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိသည်။

အဆိုပါ အများပိုင် ကုမ္ပဏီအနေဖြင့် လယ်ယာကဏ္ဍ သာမက သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်တွင်း ဆိပ်ကမ်းတည်ဆောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။

ကုမ္ပဏီကို အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ပထမပတ် အတွင်းက စတင် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်မှ ဈေးကွက်စီးပွားစနစ်ကို စတင် ကျင့်သုံးခဲ့ပြီး နောက်ပိုင်းတွင် အများပိုင် ကုမ္ပဏီများ၊ ကုမ္ပဏီများဖြင့် စတင် မိတ်ဆက်လာခဲ့သည်။

ထိုသို့ အများပိုင် ကုမ္ပဏီများ ပိုမို ပေါ်ပေါက်လာသောကြောင့် ပြည်သူများအနေဖြင့် ယင်းလုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ ပိုမို ပေါ်လာမှာ ဖြစ်ကြောင်း ဦးချစ်ခိုင် က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates