Sunday, July 29, 2012

လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံခြားသား ပိုများ

သိင်္ဂီထွန်း | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် မကြာသေးခင်က ကျင်းပပြုလုပ်သည့် Into Myanmar လယ်ယာကဏ္ဍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံ ကမ္ဘာ့ ထိပ်သီး ညီလာခံကို အိမ်ရှင် မြန်မာနိုင်ငံသားများထက် နိုင်ငံခြားသားများ ပိုမိုများပြားစွာ တက်ရောက် ခဲ့ကြသည်ကို တွေ့ရသည်။

ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်သည့် ထိပ်သီးညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြီး မြန်မာ အပါအ၀င် စင်္ကာပူ၊ တရုတ်၊ အင်ဒိုနီးရှား၊ သြစတေးလျ၊ ဗီယက်နမ်၊ အီတလီ၊ ဂျပန်နှင့် ဟောင်ကောင် စုစုပေါင်း ကိုးနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြခြင်း
ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ် ရောင်းချသူများ အသင်း၊ ဆီလုပ်ငန်းရှင်များ အသင်း၊ သစ်သီးဝလံ၊ ပန်းမံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း၊ ဆန်စက် လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင် စုစုပေါင်း ၉၆ ယောက် တက်ရောက်ခဲ့ကြသည်။

“နိုင်ငံတကာကလည်း ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံရဲ့အနေအထားမှာ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ သူတို့ သိချင်တယ်။ ဒါ သူတို့အတွက် အခွင့်အလမ်းတခု ရှာလို့
ရကောင်းရနိုင်မယ်။ တဖက်ကလည်း ပြည်တွင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တွေ၊ ကုန်သည်တွေ
အနေနဲ့လည်း ဒီလို ပွဲမျိုးတွေကို များများ သိစေချင်တယ်။ အခုတခေါက်မှာ မြန်မာနိုင်ငံဘက်က လာတဲ့သူ နည်းနေတယ်။ တခါတလေကျတော့ ဘာသာစကား အကန့်အသတ်ရှိတယ်။ ဒီလိုပွဲတွေ တနှစ်ကို နှစ်ကြိမ်လောက် လုပ်ပေးစေချင်တယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း အထွေထွေ အလုပ်အမှုဆောင် ဦးမျိုးအောင်ကျော် က ပြောသည်။

“နိုင်ငံတကာလည်း ပါဝင်လာတဲ့ ဒီလိုထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်တွေ ကိုလည်း များများတက်စေချင်တယ်။ ကိုယ်က အပြင်မသွားနိုင်တဲ့အတွက် ဒီမှာ လာလုပ်တဲ့အချိန်မှာ များများတက်ရင် အတွေ့အကြုံ ဗဟုသုတလည်း ရစေတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြန်လည်ရေးဆွဲ
ပြဋ္ဌာန်းနိုင်ရန် ပြုလုပ်နေခြင်းသည်လည်း နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်မှုအတွက် စိတ်ဝင်စားမှုတခု ဖြစ်စေသည်။

ညီလာခံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပြင် မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒဆိုင်ရာများနှင့် လျှပ်စစ် ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆန်စက်များ လည်ပတ်နိုင်ရေးအတွက်လည်း လျှပ်စစ်ကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပြီး လျှပ်စစ်စွမ်းအား ပံ့ပိုးပေးနိုင်မှုသည် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ သယ်ယူစရိတ် ကြီးမြင့်နေ၍ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျှင်မြန်ချောမွေ့စေဖို့ လိုအပ်မှာ ဖြစ်ကြောင်း ဦးမျိုးအောင်ကျော် က ပြောသည်။

“လျှပ်စစ်မီး ရရှိဖို့ကလည်း အရေးပါတယ်။ အဲဒီ လိုမှမဟုတ်ရင် ပြည်က လာရောက် ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်။ အခြေခံ အဆောက်အအုံတွေ တိုးတက်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ထိပ်သီးညီလာခံကို စင်္ကာပူအခြေစိုက် Magenta Global က စီစဉ်ဆောင်ရွက်ခြင်း
ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates