Saturday, July 28, 2012

သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်

ရတနာဦး | စနေနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား
ယခုနှစ်မှ စတင် လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက
ပြောသည်။

ငါးမြစ်ချင်းများ ပြည်ပသို့တင်ပို့ရာတွင် ကူဝိတ်နှင့် တရုတ်နိုင်ငံများသို့ တင်ပို့နေရပြီး
ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်မှုကြောင့် ငါးမွေးမြူသူများ အရှုံးပေါ်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိနေပြီ ဖြစ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင် က
ပြောသည်။

ထို့ကြောင့် ဇွန်လ နှောင်းပိုင်း အတွင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ငါးမွေးမြူရေး
လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ
တွေ့ဆုံကာ ငါးမြစ်ချင်း မွေးမြူရေး လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ထွက်ရှိမှု၊ ပြည်တွင်းဈေးကွက်နှင့်
ပြည်ပ ၀ယ်လိုအား အခြေအနေအရပ်ရပ်တို့ကို သုံးသပ်ကြရာ ၀ယ်လိုအားထက် ထုတ်လုပ်မှုက ပိုလျှံနေကြောင်း လုပ်ငန်းရှင်များက တွေ့ရှိခဲ့ကြသည့်အတွက် ငါးမြစ်ချင်းအား လျှော့မွေးရန် ဆုံးဖြတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် သဘာဝတွင် ရှားပါးလာပြီ ဖြစ်သည့် တိုင်းရင်း သဘာဝ ငါးမျိုးများ ပျောက်ပျက်
မသွားစေရန် ငါးမွေးတောင်သူများက တပိုင်တနိုင် အထူးပြု မွေးမြူကာ ဈေးကွက်ထိုးဖောက်နိုင်ရန် လုပ်ဆောင်သင့်သည်ဟု ယင်းတွေ့ဆုံပွဲ၌ ဆုံးဖြတ်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်များက ငါးမြစ်ချင်းကို ငါးမွေးမြူသူများက တဧကလျှင် ကောင်ရေ ၁,၅၀၀ မှ ၂,၀၀၀
အထိ မွေးမြူခဲ့ကြသည့်အတွက် ထုတ်လုပ်မှု ပိုလျှံသွားကာ အရှုံးပေါ်သည့် ပြဿနာနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ဦးဝင်းကြိုင် က ပြောသည်။

သို့ဖြစ်၍ ယခု နှစ်က စပြီး ငါးမွေးမြူသူများသည် တဧကလျှင် ကောင်ရေ ၁,၀၀၀ မျှသာ မွေးကြရန် အကြံပြုထားသည်ဟု ၎င်းက ပြောသည်။

“ငါးမြစ်ချင်းကို လျှော့မွေးမှ အစာဖိုး ကုန်ကျစရိတ်ပါ လျော့ကျလာမှာပါ။ အဲဒီ အကြံပြုချက်ကို မလိုက်နာဘဲ အရင်နှစ်တွေလို မွေးမြူခဲ့ရင်တော့ ထုတ်လုပ်မှု ပိုလျှံနေမြဲဆိုရင် ရှုံးမြဲ ရှုံးနေကြဦးမှာပါ” ဟု ပြောသည်။

ယခုနှစ်မှစ၍ ငါးမြစ်ချင်းကို လျှော့မွေးပြီး သဘာဝတိုင်းရင်း ငါးမျိုးများဖြစ်သော ငါးရံ့၊ ငါးပြေမ၊ ငါးခူ၊ ငါးကြင်း၊ ငါးရှဥ့် စသည်တို့ကို မွေးမြူကာ ဈေးကွက်ထိုးဖောက်နိုင်ဖို့ အာရုံစိုက်လုပ်ကိုင်ကြရန် အကြံပြုထားပြီး ဧရာဝတီတိုင်းတွင် ငါးပြေမကို သားဖောက်နည်းပညာနှင့် စမ်းသပ် မွေးမြူနေပြီ
ဖြစ်သကဲ့သို့ တွံတေးတွင်လည်း ငါးရှဥ့်ကို စမ်းသပ်မွေးမြူ နေပြီ ဖြစ်ကြောင်း ဦးဝင်းကြိုင် က
ပြောသည်။

လက်ရှိတွင် ငါးမြစ်ချင်းအား ပြည်ပ တင်ပို့နေသည့် ကုမ္ပဏီအချို့က ငါးမွေးမြူသူများထံ ငါးကုန်ဖိုး ငွေကို အကြွေးစနစ် ကျင့်သုံးသည့်အပြင် ပြည်ပတင်ပို့ရောင်းချသည့် ရောင်းရငွေ
ရရှိမှသာ နည်းနည်းချင်းစီ အကြွေးလာဆပ်သောကြောင့် ခေါက်ပြန်ပေးထက် ပိုဆိုးနေ၍ ကုန်ဖိုးငွေ ရရှိမှုမှာ ကြန့်ကြာမှုများ ကြုံနေရ၍ လက်ငင်း ငွေချေစနစ်ကို သော်လည်းကောင်း၊ ရက်တိုအတွင်း
ငွေပေးချေခြင်းကို သော်လည်းကောင်း ငါးမွေးသူများက လိုလားလျက်ရှိကြောင်း ကုမ္ပဏီများထံ ငါးရောင်းသည့် ပွဲစားတဦး က ပြောသည်။

သဘာဝ တိုင်းရင်း ငါးမျိုးများ မွေးမြူထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက် တခုတည်းသာ ရှိပါက ငါးမွေးမြူရေး လုပ်ကိုင်သူများ ရေရှည်လုပ်ကိုင်ရန် အခက်အခဲရှိလာနိုင်၍ ပြည်ပ ဈေးကွက်ကိုပါ တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အများစုက သုံးသပ်သည်။

“ငါးခူနဲ့ ငါးကျည်းက ဈေးကွက်မှာ ဈေးကောင်းရသလို အစာ ကျွေးတဲ့ နေရာမှာလည်း အဆင်ပြေပေမယ့် ငါးရံ့ကတော့ အစာစားနှုန်း များတာကြောင့် တွက်ခြေ မကိုက်နိုင်တဲ့အတွက် ဒါကို ချင့်ချိန်ဖို့လိုတယ်။ အဲဒီ ငါးတွေကို ပြည်တွင်းဈေးကွက်ပဲ သွားမယ် ဆိုရင် ဈေးကွက် ပျက်နိုင်တာကြောင့် ဘယ်လောက် မွေးသင့်တယ်။ ငါးရှားတဲ့အချိန် ဘယ်လို ထုတ်သင့်တယ် ဆိုတာကို တတ်ကျွမ်းတဲ့သူတွေက ကူညီပံ့ပိုးပေးမယ်ဆိုရင် အဆင်ပြေနိုင်မယ် ထင်တယ်”
ဟု ရေထွက် ပို့ကုန် လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါ်တိုးနန္ဒာတင် က ၎င်း၏ အမြင်ကို
ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates