Wednesday, July 18, 2012

ချင်းမိုင် မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ရေး သံအမတ် ကြိုးပမ်းမည်ဟုဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၅ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့သော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းတွင် မြန်မာကျောင်းထိုင်ဘုန်းတော်ကြီး ဆက်လက်ထားရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ပြောသည်။



ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်း (ဓါတ်ပုံ - မဇ္ဈိမ)

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပျံလွန်တော်မှုသွားသော သက်တော် ၉၁ နှစ်နှင့် ဝါတော် ၇၀ ရှိ
ကျောင်းထိုင်း ဆရာတော် ဦးအာသဘ၏ နေရာတွင် ထိုင်းဥပဒေအရ ထိုင်းသံဃာတော်သာလျှင် ပြန်လည် ခန့်အပ်ရန် ထိုင်းသာသနာရေးဦးစီးဌာနနှင့် သံဃာတော်များ ကြိုးပမ်းနေကြခြင်းကို မြန်မာနိုင်ငံသားများက သဘောမတူကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဇူလိုင်လအတွင်း လာရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းကိစ္စ ပါဝင်ဆွေးနွေးနိုင်ရေးကို ဆက်လက် တင်ပြသွားမည်ဟု အင်္ဂါနေ့က “ဝပ်ဆိုင်းမွန်း”ကျောင်းသို့ လာရောက်စဉ် သံအမတ်ကြီး ဦးတင်ဝင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စက အစိုးရချင်း နိုင်ငံခေါင်းဆောင်အဆင့် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိတဲ့ သူတွေ၊ ဒီဘက်က အုပ်ချုပ်ရေးတာဝန်ရှိ သူတွေနဲ့ တွေ့ပြီးတော့ တွေ့ဆုံ ညှိနှိုင်းတာတွေ ဖြစ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှာကြည့်ဖို့ လိုမယ်။ အဲဒါဆိုရင် သင့်သင့်လျှောက်ပတ်တဲ့ အဖြေလေးတွေ ရနိုင်တာပေါ့။ ဘာလို့လည်းဆိုတော့ ကျောင်းပေါင်း တရာကျော်မှာ တော်တော်များများ ဆုံးရှုံးခဲ့ပြီးပြီ။ ကျန်တာလေးတွေ ထိန်းသိမ်းဖို့ ကြိုးစားပြီးတော့ နည်းလမ်းရှာဖို့ ဆက်ကြိုးစားဖို့ လိုတယ်”ဟု ဦးတင်ဝင်းက ပြောသည်။

သူ့အနေဖြင့် ကျန်ရှိနေသည့် မြန်မာဘုန်းတော်ကြီးကျောင်းများတွင် မြန်မာကျောင်းထိုင် အနေဖြင့် ဆက်လက် သီတင်းသုံး နေနိုင်ရေးအတွက် နည်းလမ်း ရှာဖွေသွားမည် ဖြစ်ကြောင်းလည်း ဂေါပက အဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ဦးတင်ဝင်းက ပြောဆိုသွားသည်။

သံဃာတော်များ မိန့်ကြားမှုနှင့် ၎င်း၏ လေ့လာမှုအရ ထိုင်းနိုင်ငံတွင် ယခင် နှစ်ပေါင်း ၄၅၀ ကျော်ကတည်း
က မြန်မာဘုန်းတော်ကြီးကျောင်း ၁၀၀ ကျော်ရှိခဲ့ပြီး ထိုကျောင်းတော်ကြီးများတွင် သံဃာတော်ပေါင်း ၁,၀၀၀ ကျော် နှစ်ပေါင်းများစွာ သတင်းသုံးခဲ့သဖြင့် ဆက်လက် ထိန်းသိမ်းရန် လိုအပ်
သည်ဟု ဦးတင်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းအရေး လာရောက်ဆွေးနွေးနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

“တခြားနည်းလမ်းအနေနဲ့ ဘယ်လို ထိန်းသိမ်းနိုင်မလဲ၊ မြန်မာလိုမျိုးတွေ အများကြီး နေကြတယ်။ မြန်မာ ဘုန်းတော်ကြီးကျောင်းတွေလည်း အများကြီး ကျန်သေးတယ်။ အဲတော့ မြန်မာနိုင်ငံသားတွေအတွက်
မြန်မာလို တရားဟောပေးမယ့် မြန်မာ ဘုန်းတော်ကြီးတွေ လိုအပ်နေတယ်။ ဒီလို အခြေအနေမျိုးနဲ့ ကျနော်တို့တွေ လက်တွေ့ကျကျ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာပြီးတော့ သွားဖို့ လိုတယ်” ဟု သူက ဆက်ပြောသည်။

ချင်းမိုင်မြို့မှ မြန်မာဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း ကလည်း သံအမတ်ကြီး၏ ဆွေးနွေးချက်အပေါ် အားရကျေနပ်ကြောင်းနှင့် သူအနေဖြင့် အဆိုပါ မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်။

“ကျနော် ဆွေးနွေးရသလောက် အားရကျေနပ်မှု ရှိတယ်။ သူ့ဘက်ကလည်း ကျနော်တို့ကို agreement (သဘောတူညီချက်)တွေ ပေးသွားတယ်။ သူတို့ဘက်က တတ်နိုင်သလောက် ကူညီပေးမယ်ဆိုတာကို သိရတဲ့အတွက် အတိုင်းအဆမရှိ ဝမ်းသာကျေနပ်မှု ရှိပါတယ်”ဟု ဦးစိုးဝင်းက ပြောသည်။

ထိုင်းဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် ထိုင်းသာသနာရေးမှ ကျောင်းထိုင် သင်တန်းကို တတ်မြောက်သည့် လက်မှတ်ရရှိသူ ဖြစ်ရမည် ဖြစ်ပြီး မြန်မာ ဘုန်းတော်ကြီးများ ပျံလွန်တော်မူသွားပါက ထိုင်းသံဃာတော်များ ကျောင်းထိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းသာသနာရေးဦးစီးဌာန အပါအဝင် ထိုင်းလူမျိုးများက ထိုင်းသံဃာကို
ကျောင်းအပ်ပွဲပြု လုပ်ရန် စီစဉ်ခဲ့သဖြင့် ကျောင်းဂေါပက အဖွဲ့နှင့် မြန်မာနိုင်ငံသားအချို့ ကန့်ကွက် ဆန္ဒပြခဲ့
သည်။

ချင်းမိုင်ခရိုင်သာသနာရေးဝန်ကြီးမှ ၎င်းကိစ္စ ထပ်မံ ဆွေးနွေးရန် ရက်ချိန်း မတိုင်မီ မြန်မာသံရုံးမှ ဝင်ရောက်
ဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဝပ်ဆိုင်းမွန်း မြန်မာကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားအများစုက ကိုးကွယ်သည့်ကျောင်း တကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်းသဘင် အခမ်းအနားများ
ပြုလုပ်လေ့ရှိသည့် ကျောင်းဖြစ်သည်။

မြန်မာသက်က္ကရာဇ်၂၅၃၅ ခုနှစ်၊ သာသနာသက္ကရာဇ် ၂၁၀၁ ခုနှစ်က မြန်မာစစ်တပ်မှ ဗိုလ်ချုပ်ကြီး ဒဗ္ဗကျန်စံရာမ်ကျာဖန့်နှင့် သူ့စစ်သားများ စုပေါင်း၍ ဝပ်ဆိုင်မွန်ကျောင်းကို စတင်တည်ထောင်ခဲ့သည်ဟု စာရေးဆရာ ချစ်စံဝင်းက ထိုင်းနိုင်ငံရှိ မြန်မာဘုန်းတော်ကြီး ကျောင်းများအကြောင်း ရေးသားထားသော မှတ်တမ်းတွင် ပါရှိသည်။

ထိုင်းအာဏာပိုင်းများက ထိုင်းမြောက်ပိုင်း လမ်းပန်းမြို့ရှိ မြန်မာ ဘုန်းတော်ကြီး ကျောင်းတကျောင်းကိုသာ တရားဝင် သတ်မှတ်ထားသည်။ ထိုမြန်မာ ဘုန်းတော်ကြီးကျောင်းမှ မြန်မာဘုန်းတော်ကြီးတပါး ပျံလွန်ခဲ့သည့် အန္တိမဈာပန ကိစ္စနှင့် ပတ်သက်၍ ဆွမ်းကပ်ရန် မြန်မာသံအမတ်ကြီး၏ ခရီးစဉ်တွင် ပါဝင်ခဲ့သည်။

ထိုကျောင်းတွင်လည်း မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်နိုင်ရေးအတွက် လာရောက် ဆွေးနွေးခဲ့သည်ဟု  သံအမတ်ကြီးက ပြောသည်။

ထိုကျောင်းတွင် ၁၀ ဆက်တိုင်တိုင် ကျောင်းထိုင်လာခဲ့သော မြန်မာဘုန်းတော်ကြီးများမှာ ဆရာတော်များဖြစ်သော ဦးဝရဓိမ္မ၊ ဦးဂန္ဓမာလာ၊ ဦးဖိုးခဓိမ္မ၊ ဦးဇီန၊ ဦးဝဇီရီန္ဓ၊ ဦးတေဇသီရိ၊ ဦးအာစီန္ဒ၊ ဦးပညာသာရ၊ ဦးသာရဓနှင့် နောက်ဆုံးကျောင်းထိုင်ဆရာတော် ဦးအာသဖ တို့ အစဉ်အဆက် သီတင်းသုံးခဲ့သည်ဟု ကျောင်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

သီတဂူ ဆရာတော် အရှင် ဉာဏိဿရကလည်း ဝပ်ဆိုင်မွန်းကျောင်းအရေးနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု တနင်္လာနေ့က မိန့်ကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates