Wednesday, July 18, 2012

အမုန်းသံသရာကို ဖြတ်ဖို့လိုသည်

ဘန်နဒစ် ရော်ဂျာစ် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၂ မိနစ်

(သတင်းဝေဖန်ချက်)

ပါကစ္စတန်နိုင်ငံ၏ ကွယ်လွန်လေပြီးသော လူနည်းစုရေးရာ ဖက်ဒရယ်ဝန်ကြီး ရှာဘားစ် ဘာတီ (Shahbaz Bhatti) မှာ ကျနော်၏ မိတ်ဆွေကောင်းတဦး ဖြစ်သည်။ ၎င်းထက်ပို၍ ဆိုရလျှင် သူက ကျနော်၏ သူရဲကောင်းလည်း ဖြစ်သည်။ အကြောင်းမှာ သူက လူအများ၏ လူ့အခွင့်အရေးကိစ္စများကို တစိုက်မတ်မတ် ကူညီစောင့်ရှောက်ပေးခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ကျနော်က သူ့ကို ပါကစ္စတန်နိုင်ငံ၏ ‘မာတင် လူသာကင်း’ ဟုပင် ဆိုချင်သည်။

ကျနော်က ရှာဘားစ်နှင့် ပါကစ္စတန်နိုင်ငံတွင် ခရီးထွက်ဖူးသည်။ တခါက အစ္စလမ်မာဘတ်မြို့တွင် ဗုံးကွဲသည်နှင့် ၅ မိနစ်ခန့်သာ ကပ်၍ လွဲဖူးသည်။ နိုင်ငံရေးသမားတဦး မဖြစ်လာမီ တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးသမားတဦးအဖြစ် သူ၏ ဘဝ၌ပင် ခြိမ်းခြောက်မှု ကြုံနေရသည့် ကိစ္စများကို ကျနော်က မြင်ခဲ့ရဖူးသည်။

သူနှင့် ကျနော်က ၇ နှစ်အရွယ် ရှရီ ကာမိုးလ် (Sharee Komal) ဆိုသူ ခရစ်ယာန်ဘာသာဝင် မိန်းမပျိုကလေးတဦးကို ကြုံခဲ့ရဖူးသည်။ သူ့ကို အစ္စလမ်အစွန်းရောက်ဝါဒီများက မုဒိမ်းပြုကျင့်မှု ခံခဲ့ရသည်။ အကြောင်းမှာ အခြားမဟုတ်၊ သူက ဘာသာကွဲ ခရစ်ယာန်ဘာသာဝင်
ဖြစ်နေသောကြောင့်ပင်။ ရှာဘားက သူ့ကို ကူညီပေးခဲ့သည်။ မည်သူတဦးမျှ ကူညီစောင့် ရှောက်မည့်သူ မရှိ၍ ကူညီပေးခဲ့ခြင်းလည်း ဖြစ်သည်။

ကျနော်တို့ အတူအလုပ်လုပ်ခဲ့ကြစဉ် ၅ နှစ်အတွင်း ကျနော်က ရှာဘားစ်နှင့် အပါတ်တိုင်းလိုလို စကားပြောဖြစ်ကြသည်။ တခါတွင် ခရစ်ယာန်အုပ်စုတခုကို အစုအပြုံလိုက် သတ်ဖြတ် ပစ်မည်ဟု ခြိမ်းခြောက်မှုများနှင့် ကြုံရသည့်အခါ ကျနော်က သူ့ကို ဖုန်းခေါ်သည်။ သူက ၎င်းခြိမ်းခြောက်ခံရသည့် ရွာသို့ရောက်နှင့်နေပေပြီ။ ကြောက်ရွံ့နေကြသည့် လူထုများကို တွေ့ဆုံနှစ်သိမ့်နေသည်။ ၎င်းတို့က အချိန်မရွေး တိုက်ခိုက် လာမည်ဟု မျှော်လင့်ထားကြသည်။ သို့အတွက်ကြောင့်လည်း မိမိက ဖုန်းတချက် ခေါ်လိုက်လျှင် အပြောင်းအလဲဖြစ်စေလိမ့်မည်ဟု အားထားနေကြသည်။ သူက ၎င်းလူထုများကို ပစ်မထားပါကြောင်း ပြောဆိုနှစ်သိမ့်ခဲ့သည်။

ရှာဘားစ်က တက်ကြွလှုပ်ရှားသူတဦးအဖြစ်မှ ပါလီမန် လွှတ်တော်အမတ်တဦး၊ နောက်ပိုင်း ဝန်ကြီးတဦးအဖြစ် လျှင်မြန်စွာ ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ၏နှလုံးသားထဲတွင် တက်ကြွလှုပ်ရှားသူတဦးအဖြစ် အချိန်ပြည့် ခံယူထားဆဲ ဖြစ်သည်။ ဝန်ကြီးတဦးအနေနှင့် သူက တိုင်းပြည်အတွင်း နာမည်ဆိုးလှသည့် blasphemy laws ဥပဒေများကို ပြုပြင်ပြောင်းလဲနိုင်ရန်၊ ဖျက်သိမ်းပစ်ရန် ကြိုးပမ်းခဲ့သည်။ ၂ဝ၁၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျနော်က မိတ်ဆွေကြီးအဖြစ် လိုလိုလားလား ခေါ်ဆိုနေသည့် ရှာဘားစ်တယောက် သူလှုပ်ရှားလုပ်ဆောင်နေသည့် အရေးကိစ္စအတွက် တန်ဖိုးကြီးကြီး ပေးခဲ့ရသည်။ သူ့ကားကို အစွန်းရောက် အစ္စလမ်ဝါဒီများက ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရပြီး သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ သတင်းများအရ သူက ကျည်ဆံဒဏ်ရာ ၃ဝ ကျော် ထိမှန်ပြီး သေဆုံးခဲ့ရသည်။

သူ လုပ်ကြံမခံရမီ ၁၅ လ အလိုတွင် ရှာဘားစ်က လန်ဒန်တွင်ကျင်းပသည့် Christian Solidarity Worldwide ညီလာခံ တွင် မိန့်ခွန်းပြောခဲ့သေးသည်။ ယခု သူ၏ ပြောစကားကို နားထောင်ကြည့်
စေလိုသည်။

အထူးသဖြင့် ရှာဘားစ်ပြောဆိုခဲ့သည့် အောက်ပါစကားများကို အထူးပြု ဖော်ပြလိုပါသည်။ “ကျနော့်ဘဝအတွက် အရေးကြီးတဲ့ ရည်မှန်းချက်တွေကတော့ ပြောရေးဆိုခွင့် မရှိဘဲ အသံပျောက်နေရသူတွေ၊ ဒုက္ခခံစားနေရသူတွေ အတွက် ရပ်တည်ပေးဖို့ ရှင်သန်နေရေးပါပဲ။ ဖိနှိပ်မှု၊ သားကောင်ဖြစ်ရမှု အမှောင်ထုထဲမှာ ရှင်သန်နေထိုင်ရသူတွေရဲ့ ဘဝတွေကို ကျနော်တို့ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ သန္နိဋ္ဌာန် ချမှတ်ထားပါတယ်။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို တရားမျှတမှု၊ တန်းတူမှု ငြင်းပယ်ခံနေရသူတွေအတွက် တရားမျှတမှု ဆောင်ြကဉ်းပေး ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့နိုင်ငံကို သည်းညည်းခံလိုစိတ် မရှိမှု အင်အားစုတွေက သိမ်းပိုက်လွှမ်းမိုးသွားတာမျိုးကို လက်မခံနိုင်ပါဘူး...” ဟု ဆိုခဲ့သည်။

ရှာဘားက ၎င်းနောက်တွင် နားထောင်နေသူများအပေါ်လည်း မေးခွန်းထုတ် စိန်ခေါ်ခဲ့သည်။ “ကျနော်တို့က လူတွေရဲ့ ဘဝတွေကို အပြောင်းအလဲဖြစ်လာစေဖို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ... အမှောင်ထုထဲမှာ နေရသူတွေရဲ့ဘဝတွေ အတွက် အပြောင်းအလဲကို ဆောင်ယူခဲ့ပါ့မယ်။
မျှော်လင့်ချက်မဲ့တဲ့ဘဝထဲမှာ နေထိုင်ရသူတွေအတွက် အပြောင်းအလဲကို ဆောင်ယူခဲ့ပါ့မယ်။ ပြီးတော့ အပြင်းအထန် နှိပ်ကွပ်ဖိနှိပ်ခံရသူတွေ၊ သားကောင်ဖြစ်နေရသူတွေရဲ့ မျက်နှာတွေပေါ်မှာ အပြုံးတွေ ပေါ်လာအောင် ဆောင်ကြဉ်းခဲ့ပါ့မယ်။... အကြမ်းဖက် ခြိမ်းခြောက်ခံရသူတွေ၊ သားကောင်ဖြစ်ရသူတွေအတွက် အတူရပ်တည်ကြဖို့ ကျနော်တို့ အတူတကွ ကတိပြုကြပါစို့။... သဟဇာတဖြစ်မှု၊ သည်းညည်းခံမှုအတွက် အတူတကွဆောင်ကြဉ်းကြမယ်လို့၊ မတူကွဲပြားတဲ့ ဘာသာ ကိုးကွယ်ယုံကြည်မှုတွေအကြား တံတားထိုးကြမယ်လို့ ကျနော်တို့ အတူတကွ ကတိပြု ကြပါစို့။ ကျနော်တို့က အခုကမ္ဘာကြီးကို ငြိမ်းချမ်းရေး၊ သည်ညည်းခံမှုတရားတွေနဲ့ ပိုမိုအားကောင်း သန်စွမ်းလာစေဖို့ လို အပ်ပါတယ်။”

ရှာဘားစ်က ခရစ်ယာန်ဘာသာကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်ယုံကြည်သူတဦး ဖြစ်သည်။ သူ့ကို အစွန်းရောက် မူစလင်များက လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ကြသည်။ သို့သော်လည်း ရှာဘားစ်က သူ့နိုင်ငံရှိ ပြဿနာ၊ ကမ္ဘာကြီး၏ ပြဿနာကို ဘာသာကိုးကွယ်ယုံကြည်မှု တခုနှင့်တခုအကြား ပြဿနာဟု မမြင်။ အစွန်းရောက်အယူအဆ နှင့် သည်းညည်းမခံနိုင်ကြသည့်ကိစ္စ ပြဿနာဟုသာ မြင်သည်။

ကျနော်က အင်ဒိုနီးရှားရှိ ခရစ်ယာန်များ ဝတ်ပြုကျောင်းစုဝေးပွဲတွင် အတူရှိနေခဲ့စဉ် အစ္စလမ် အစွန်းရောက်ဝါဒီများက “ခရစ်ယာန်တွေ ထွက်သွား၊ ဂျီလ်ဘက်ပ် မဝတ်တဲ့လူတွေကို လိုက်ရှာကြ၊ ခရစ်ယာန်တွေ သတ်ပစ်” ဟု အော်ဟစ် ကြွေးကြော်နေကြသည်ကို ကြားနေရသည်။ ကျနော်က လူထုအများနှင့်အတူ ရှိနေခဲ့သည်။ ကျနော်က အာမာဒီ မူဆလင်အုပ်စု (Ahmadi Muslims) များထံ ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြီးနောက် များမကြာမီပင်
ရောက်ဖူးသည်။ ၎င်းတို့ကို ကျန်မူစလင်ဘာသာဝင်များက ခွဲထွက်သင်းကွဲအုပ်စုဟု ယူဆထားကြသူများ ဖြစ်သည်။

မီးလောင်ထားသည့် အိမ်များကို တွေ့ရပြီး၊ ဖူးယောင်နေအောင် ရိုက်နှက်ခံထားရသူများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သူတို့၏ ဇက်ပေါ်၊ လိင် အင်္ဂါအပေါ် ဓားမိုးခြိမ်းခြောက်ပြီး၊ ရွာထဲမှ လူသေကောင်သဖွယ် ဒရွတ်တိုက်ဆွဲခေါ် မောင်းထုတ်သည်ကိုလည်း ကြုံခဲ့ကြရသူများ ဖြစ်သည်။ ကျနော်က အင်ဒိုနီးရှားနိုင်ငံရှိ ဘာသာမဲ့များထံလည်း ရောက်ဖူးသည်။ သူတို့က ဘာသာယုံကြည်မှု မရှိသောကြောင့်၊ ဘုရားသခင်ကို မယုံသောကြောင့် ထောင်သွင်း အကျဉ်းချခံကြရသူများ ဖြစ်သည်။ သူတို့ကို အစွန်းရောက်များက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြသည်။ ကျနော်က အလားတူ သည်းညည်းမခံနိုင်မှုများ၊ အစွန်းရောက် အစ္စလမ်ဝါဒီများကို ကြုံဆုံခဲ့ဖူးသူ ဖြစ်ပါသည်။

ဤအတွေ့အကြုံများကြောင့် မိမိအဖို့ ပို၍ စဉ်းစားစရာ ဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင်
ဖြစ်ပျက်ခဲ့သည်မှာလည်း ထူးခြားလှသည့်ကိစ္စတော့ မဟုတ်ပါ။ ခြားနားသည့်အချက်တခုမှာ ဗုဒ္ဓဘာသာဝင်များက သူတို့၏ သည်းညည်းမခံနိုင် မှုကို မူဆလင်များအပေါ် ကျရောက်ခဲ့ခြင်းသာ
ဖြစ်ပါသည်။

သံသယရှိစရာမလိုသည့်အချက်မှာ ရိုဟင်ဂျာများကလည်း အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြပါသည်။ သို့သော်လည်း ခွဲခြားဖိနှိပ်ခံရမှု၊ နှိပ်ကွပ်မှု၊ အမုန်းတရားများမှာ မကြာသေးမီ ကမှ ပေါ်ပေါက်ခဲ့သည် မဟုတ်ပါ။ သူတို့က နှစ်ပေါင်းများ စွာချီ ခံစားနေခဲ့ရခြင်း ဖြစ်ပါသည်။ သူတို့ကို ရှာဘားစ်ပြောပြခဲ့သလို ခွဲခြားဖယ်ကြဉ်ထားခံရသည့်၊ သားကောင်ဖြစ်နေ သည့်သူများဟု ဆိုလျှင် ရနိုင်ပါသည်။

သို့သော်လည်း စိုးရိမ်ဖွယ် ရှိပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်၍ ရခိုင်များထံမှ
သော်လည်းကောင်း၊ မြန်မာများထံမှသော်လည်းကောင်း အမုန်းထားသည့် ပြောဆိုဖော်ပြချက်များ အံ့သြထိတ်လန့်ဖွယ် ကြားခဲ့ရပါသည်။ သူတို့က ရိုဟင်ဂျာများကို “အကြမ်းဖက်သမားများ”၊ “ဘင်္ဂါလီများ”၊ “ကုလားများ” ဟု သုံးနှုန်းခေါ်ဆိုကြသည်။ ရိုဟင်ဂျာ မဟုတ်သည့် မြန်မာမူစလင် မိတ်ဆွေတဦးက သူမနှင့် စကားပြောခဲ့ရသည့် လူတဦးအကြောင်း မိမိကို ပြန်ပြောပြရာ တွင် လေးလေးနက်နက် စဉ်းစားမှုမဟုတ်ဘဲ ခပ်တည်တည်ငြိမ်ငြိမ်ပင် သူ့ကို ကုလားဟု ခေါ်ခဲ့သည်ကို ကြုံရကြောင်း ပြောသည်။ အကယ်၍ မိမိကသာ အင်္ဂလန်နိုင်ငံတွင် လူနည်းစုလူမျိုးဝင် လူတဦးနှင့် မျက်နှာချင်း ဆိုင်ကြုံ၍ သူတို့ကို “နစ်ဂါ၊ ပါကီ” ဟုသာ တမင်တကာ ခေါ် ဆိုခဲ့ပါက ထိုးကျိတ်သည်ကို ခံရမည်မှာ မုချဖြစ်ပါသည်။

လူမျိုးရေး မုန်းတီးမှုဆိုသည်မှာ မှားယွင်းလှပြီး လုံးဝ ရပ်ဆိုင်းပစ်သင့်သော ကိစ္စဖြစ်သည်။ အဖိနှိပ်၊ အချိုးနှိမ်ခံရသူများ၊ ဖယ်ကြဉ်ခံထားရသူများအတွက် ရပ်တည်ပြောဆိုပေးရန် ကျင့်ဝတ်အရ၊ လူသားချင်း စာနာမှုအရ၊ လူ့အခွင့်အရေးအရ အကြောင်းဆင်ခြေ များစွာ ရှိနေပါသည်။ ထို့အပြင် ဤသို့ ရူးသွပ်သည့်၊ ပျက်စီးဆုံးရှုံးမှု ဖြစ်စေမည့် လမ်းကြောင်းသို့ ဆက်လက်လျှောက်လှမ်းရန်မှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားလည်း မဟုတ်ပါ။ အထူးသဖြင့် ပြုပြင်ပြောင်းလဲရေး အတွက် လေးနက်စွာ ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန်မျိုးတွင် ဖြစ်ပါသည်။

ဤတိုက်တွန်းချက်အပေါ် သံသယရှိနေကြသူများအနေဖြင့် မကြာသေးခင်ကမှ ထုတ်ဝေခဲ့သည့် မာဂျစ် နာဝဇ် (Maajid Nawaz) ၏ စာအုပ်အသစ် “အစွန်းရောက်သူ-အစွန်းရောက် အစ္စလမ်ဝါဒီတဦး အဖြစ်မှနေ၍ ဒီမိုကရေစီ အလင်းသို့ လျှောက်လှမ်းခဲ့ရာ မိမိ၏ခရီး” (Radical: My Journey from Islamist Extremism to A Democratic Awakening) ဆိုသည့် စာအုပ်ကို ဖတ်ကြည့်စေလိုပါသည်။ နောက်ခံအခြေအနေက လုံးဝကွဲပြားသော်လည်း၊ သင်ခန်းစာများကမူ မိမိတို့အတွက် ဆီလျော်သက်ဆိုင်ပါသည်။ မာဂျစ်က ဗြိတိန်နိုင်ငံ၊ အက်ဆပ်စ် (Essex) ရှိ ပါကစ္စတန်မှ ပြောင်းရွှေ့အခြေချလာသော မိသားစုတခုတွင် ပေါက်ဖွားကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ငယ်စဉ်ဘဝကပင် လက်ျာစွန်းရောက်သူများ၏ ဖိနှိပ်ဆက်ဆံမှုကို ကြုံတွေ့ခဲ့ရသူလည်း ဖြစ်သည်။ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် သူကြုံတွေ့ခဲ့ရသည့်အဖြစ်မှာ များစွာ ကြောက်မက် တုန်လှုပ်ဖွယ်ပင် ဖြစ်ပါသည်။ လူမျိုးရေးခွဲခြားမှု ခါးသည်းသည့် အတွေ့အကြုံအပေါ် အခြေခံ၍ ဘော့စနီးယားတွင် မူစလင်များ ဖိနှိပ်ခံရမှု သတင်းများကြောင့် ပို၍နိုးကြားလာသည့် အခါ၊ သူကိုယ်တိုင် အစွန်းရောက်သည့်အဖြစ် ရောက်ခဲ့တော့သည်။

သူက ရေးသားရာတွင် “ဝမ်းနည်းစရာ အမှန်တရားကတော့၊ မိမိကိုယ်ကို ခုခံကာကွယ်မှုဆိုတာ
နောက်ဆုံးတော့ အကြမ်းဖက်မှု သံသရာနဲ့ နိဂုံးချုပ် အဆုံးသတ်ရတာချည်းသာ ဖြစ်ပါတယ်။” မာဂျစ်က အစွန်းရောက် အစ္စလမ်ဝါဒီ အဖွဲ့ အစည်းတခုဖြစ်သည့် Hizb-ut-Tahrir တွင် ခေါင်းဆောင်တဦး
ဖြစ်လာခဲ့သည်။ နောက်ဆုံး အီဂျစ်တွင် ဖမ်းဆီးခံရပြီး ဗဟုဝါဒ၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုများဖက်သို့
ပြန်၍ ဦးတည် ခရီးဆက်နိုင်ခဲ့သည်။

သူက ပြန်၍သုံးသပ် နိဂုံးချုပ်ဖော်ပြချက်များက လွတ်လပ်ခွင့်များ တောင်းဆိုနေကြသည့် မြန်မာနိုင်ငံနှင့် အထူး ဆီလျော်လှပါသည်။ “အစ္စလမ် အစွန်းရောက်ဝါဒီများနှင့် အစ္စလမ်ကို အပြင်းအထန် ဆန့်ကျင်နေကြသူများအကြား တဦးနှင့်တဦး အတူ ရှင်သန်ရပ်တည်နေကြသည့် ဆက်ဆံရေးသဘော (symbiotic relationship) ရှိနေသည်မှာ အတော် ကမောက်ကမနိုင်လှသည့် အဖြစ်ပင်။ တယောက်နှင့်တယောက် အပြန်အလှန် သံသယကဲ ကြောက်ရွံ့စိတ် များ၊ ဝါဒဖြန့်ချိရေး အစာများ ထောက်ပံ့ပေးနေကြပါသည်။ လက်ျာစွန်းရောက် ဝါဒီများ၊ အစ္စလမ်ဝါဒီများ၊ ပို၍ လက်ျာစွန်းရောက်လာသည့် ဝါဒီများ၊ ပို၍ အစ္စလမ်ဖြစ်လာသူများ... စသဖြင့် သံသရာ ဖြစ်နေကြပါသည်။” ဟု ရေးခဲ့သည်။

သူက ဆက်၍ဖော်ပြရာတွင် “အစ္စလမ်တို့ကို ကြောက်ရွံ့နေသူများနှင့် အစ္စလမ်ဝါဒီတို့အကြား တူညီသည့်အချက် အများအပြား ရှိနေပါသည်။ ၎င်းအုပ်စု နှစ်ခုစလုံးက အစ္စလမ်သည် အာဏာရှင်စနစ် နိုင်ငံရေးအယူအဆ၊ လစ်ဘရယ် ဒီမိုကရေစီနှင့် ဆန့်ကျင်သည်ဆိုသည့် အချက်ကို အကြောက်အကန် ပြောကြသည်။ ထို့အပြင် ၎င်းအင်အားစု နှစ်ခုက မလွှဲမရှောင်သာ ထိပ်တိုက်တွေ့မှု ပဋိပက္ခများ ဖြစ်နေကြကြောင်းလည်း ပြောဆိုကြပါသည်။ အစွန်းရောက် တောင်းဆို ချက်တခုက ကိုရမ်ကျမ်းစာကို ပိတ်ပင်သင့်သည်ဟု တောင်းဆိုမှု ဖြစ်ပြီး၊ ကျန်အင်အားစုတခုက ကိုရမ်ကျမ်းမှလွဲ၍ အခြားကိစ္စအားလုံးကို ပိတ်ပင်ရမည်ဟု တောင်းဆိုနေကြပါသည်။ ၎င်းတို့ ပေါင်းစည်းသည့်အခါ ဗုံးတလုံး၏ စနက်တံ အဖိုကြိုး-အမကြိုး သဖွယ် ဖြစ်နေရပါတော့သည်။” ဟု ဆိုခဲ့သည်။

၎င်းအစား မာဂျစ်က တိုက်တွန်းသည်မှာ မိမိတို့က ဆန့်ကျင်ဖက် ဇာတ်လမ်းဖြစ်စဉ်များကို တင်ပြရန် လိုအပ်သည်ဟု ဆိုပါသည်။“လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ သဘောကွဲပြားမှု ဗဟုဝါဒကို လက်ခံယုံကြည်ခြင်း၊ တသီးပုဂ္ဂလ လွတ်လပ်ခွင့်များ အပေါ် ယုံကြည်မှုနှင့် ဒီမိုကရေစီ” အကြောင်းပြောဖို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ၎င်းကိစ္စများ ရှေ့တန်းတင် ပြောဆိုရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင်
မွေးဖွားသည်ဖြစ်စေ၊ သို့မဟုတ် မြန်မာနိုင်ငံခြားသား မိတ်ဆွေများပင် ဖြစ်စေ၊ ဤအတိုင်း နှစ်ပေါင်းများစွာ ကြီးပြင်းဖြတ်သန်း လာခဲ့ကြ ရသည် မဟုတ်ပါ။ ယခုမှ သည်းညည်းမခံနိုင်မှု၊ လူမျိုးစွဲဝါဒ၊ လူမျိုးရေး/ဘာသာရေး မုန်းတီးမှုများ လမ်းကြောင်းသို့ ဦးတည် မလှည့်သင့်ကြပါ။

မြန်မာပြည်သူများနှင့် နိုင်ငံခြားသား မိတ်ဆွေများ အပါအဝင်၊ ကျနော်တို့အားလုံးက မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့ အခွင့်အရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြပါသည်။ လူ့အခွင့်အရေး ဆိုသည်မှာ လူသားအားလုံးအတွက် ဖြစ်ပါ သည်။ သူတို့ မည်သည့်ဘာသာ ကိုးကွယ်ယုံကြည်သည် ဖြစ်စေ၊ မည်သည့်လူမျိုးပင်ဖြစ်စေ လူ့အခွင့်အရေး ခံစားရရှိရ ပါလိမ့်မည်။

မြန်မာနိုင်ငံတွင်း မွေးဖွားသူ မည်သူမဆို၊ မည်သည့်လူမျိုး၊ ကိုးကွယ်မှု ဘာသာ၊ ပေါက်ဖွားရာဇာတိ ကွဲပြားသည်မဆို၊ သူ တို့၏ အနာဂတ်ကောင်းကျိုး၊ ဆိုးကျိုးအတွက် တနည်းတဖုံ ဆက်စပ် ပတ်သက်နေကြပါသည်။

အချို့သောသူများသည် ခွဲခြားဖိနှိပ် ဆက်ဆံခံရ၊ လူသားမဆန်စွာ ပြုမူဆက်ဆံခံကြရသည့် အခြေအနေတွင် အမုန်းတရားကို ဦးစားပေးသည့် အယူဝါဒများအတွက် မျိုးစေ့များသဖွယ်
ပေါက်လာတတ်လာတတ်ကြပါသည်။ အဆုံးစွန် ချောက်ကမ်းပါး နီးကာမှ ပြန်၍ ဆွဲတင်ကြရမည့်အစား၊ ဘာသာစုံ၊ လူမျိုးစုံ ထိတွေ့ဆက်ဆံမှုနှင့် သင့်မြတ် ရင်ကြားစေ့ရေးကိစ္စများ အလေးအနက် စတင်ဆောင်ရွက်နိုင်မည် ဆိုပါက ပို၍ ကောင်းပါသည်။ နိုင်ငံသား ဖြစ်မှုဆိုင် ရာကိစ္စအပေါ် ကျိုးကြောင်း ဆီလျော်၊ ပို၍ တည်ငြိမ်ညင်သာစွာ စဉ်းစားဖြေရှင်းနိုင်ကြမည် ဆိုပါက ပို၍ ကောင်းပါ သည်။ အမုန်းတရားနှင့် အကြမ်းဖက်မှု သံသရာဆိုးကို ရပ်နိုင်ကြမည်ဆိုလျှင်ဖြင့် ပို၍ ကောင်းပါသည်။ သို့မဟုတ် ပါက မြန်မာနိုင်ငံ၏ လာမည့်ဆယ်စုနှစ်များ တိုင် ၎င်းအရေးအရာတို့က ဆက်၍ ခြောက်လှန့်
နေလိမ့်မည် ဖြစ်ပါသည်။

ကျနော့်တွင် ရှာဘားစ်လို မိတ်ဆွေကောင်းများနှင့် အခြားသူများ ဆုံးရှုံးခဲ့ရဖူးသည်။ တရားခံမှာ သည်းညည်းခံနိုင်စိတ် မရှိခြင်းနှင့် အမုန်းတရားကြောင့်ပင် ဖြစ်သည်။ ကျနော်၏ မြန်မာ မိတ်ဆွေများကို ဤနည်းအတိုင်း မဆုံးရှုံးစေချင်တော့ပါ။   ။

Benedict Rogers သည် “လမ်းဆုံလမ်းခွမှ မြန်မာနိုင်ငံ” (Burma: A Nation at the Crossroads) စာအုပ် ရေးသားသူဖြစ်ပြီး၊ Christian Solidarity Worldwide အဖွဲ့၏ အရှေ့အာရှအဖွဲ့
ခေါင်းဆောင် ဖြစ်ပါသည်။

Benedict Rogers  ရေးသားသည့် We must end the cycle of hatred ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါ သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates