Friday, April 6, 2012

DKBA မှ B အဓိပ္ပါယ် ပြောင်းလဲလိုက်

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည်
ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဧပြီလ ၁-၂ ရက်နေ့များက မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ခေါင်းဆောင်များ၊ နိုင်ငံရေး သမားများနှင့် DKBA ခေါင်ဆောင်များ ပါဝင်ဖွဲ့စည်းလိုက်သော ကလူထူးဘော ကရင်အစည်းအရုံး KKO ၏ မူနှင့် လိုက်လျောညီထွေ ရှိစေရန် ပြောင်းလဲလိုက်ခြင်း
ဖြစ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောသည်။

“ကျနော်တို့ DKBA က B တလုံးရဲ့အဓိပ္ပါယ်က Buddhist ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် အဓိပ္ပါယ် အသစ်ဖွဲ့စည်း ပြီးတော့ KKO ရဲ့ ရည်မှန်းချက်နဲ့အညီ အမည်ပြောင်းလိုက်တာပါ။ ခေတ်နဲ့အညီ ဒီမိုကရေစီကို အထူးပြုတဲ့ အဖွဲ့အစည်းပဲ။ ဗုဒ္ဓဘာသာကို အထူးပြုတဲ့အဖွဲ့အစည်းတော့ မဟုတ်တော့ဘူး”ဟု မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ မူများဖြစ်သည့် ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာကို ဖန်တီးရေး၊ ကရင့်အမျိုးသား လက္ခဏာများကို ထိန်းသိန်း စောင့်ရှောက်သွားရန် ဆိုသည့်အချက်များအပေါ် အခြေခံ၍ KKO အား ဖွဲ့စည်းထားသည်ဟု ဆိုသည်။

KKO ကို ဥက္ကဋ္ဌအဖြစ် မန်းရောဘတ်ဇန် နှင့် ဒုဥက္ကဋ္ဌအဖြစ် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက် အတွင်းရေးမှူး(၁) နော်ကော်သူးလေလားဖိုး၊ တွဲဘက် အတွင်းရေးမှူး(၂) ဗိုလ်မှူး စောလုံ့လုံနှင့် ဌာနဆိုင်ရာတာဝန်ခံ ၁၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အင်အား ၁၅ဝဝ ခန့်ရှိသော DKBA တပ်များသည် ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ ကော့ကရိတ်မြို့နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်ဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူထူးလား စသည့်နယ်မြေများရှိ တပ်ရင်းပေါင်း ၁၁ ရင်းရှိသည်ဟု စောလုံ့လုံက
ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းပြီးနောက် ဌာနချုပ်တွင် စာသင်ကျောင်းနှင့် ဆေးခန်းများကို စတင်ဆောက်လုပ်ပေးရန် စီစဉ်နေသော်လည်း စီးပွားလုပ်ငန်းကိုမှု အကန့်အသတ်ဖြင့်သာ လုပ်ကိုင်နေရသည်ဟု ဆိုသည်။

DKBA ကို ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates