Friday, April 6, 2012

သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး တိုးချဲ့

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၀၇ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ပြည်တွင်း ပြည်ပမှ သတင်းစာဆရာများ ပါဝင်သော သီးခြား လွတ်လပ်သည့်
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံ၊ အီလက်ထရောနစ် မီဒီယာတို့မှ အယ်ဒီတာများ၊ သတင်းထောက်များ၊ ကာတွန်း၊ ကဗျာ၊ ဒီဇိုင်း၊ သရုပ်ဖော်ပန်းချီ၊ စာပြင်ဆရာ စသည့် စာနယ်ဇင်းသမားများ စုပေါင်း၍ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီက စုစုပေါင်းအသင်းဝင် ၈ဝ ဦးဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမားတွေ အကုန်လုံး အကျုံးဝင်တဲ့ အသင်းတခု ဖြစ်ဖို့၊ သီးခြားလွတ်လပ်မှု ရှိရမယ်။ ဘယ်အဖွဲ့အစည်း တခုခုရဲ့ သြဇာလွှမ်းမိုးမှု မရှိဘူး။ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတကာက သတင်းစာ အသင်းမျိုး
ဖြစ်အောင် ကြိုးစားနေတယ်။ လက်တွေ့ အကောင်အထည်ဖော်ဖို့ လုပ်နေတယ်”ဟု ဖြစ်မြောက်ရေး
ကော်မတီ၏ နာယက ဆရာ မောင်ဝံသက မဇ္ဈိမကို ပြောသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် ထွန်းကားရေးရှေးရှု၍ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း၊ သိက္ခာရှိသော စတုတ္ထမဏ္ဍိုင် ဖြစ်တည်ရေး အတွက်လည်းကောင်း ဆောင်ရွက်သွားနိုင်ရန် အတွက် ကြာသပတေးနေ့က ရန်ကုန်မြို့ Orchid Hotel တွင် စာနယ်ဇင်းသမားများ တက်ရောက်သော စည်းဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ-ခေတ်+မိုး)၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးအောင်လှထွန်းနှင့် ဦးသီဟစော၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်)၊ တွဲဘက်အတွင်ရေးမှူး (၁)မဇ္စျိမသတင်းဌာနမှ အယ်ဒီတာ ဦးစိန်ဝင်းအပြင် ဧရာဝတီမဂ္ဂဇင်းမှ အယ်ဒီတာ ကိုကျော်စွာမိုးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ၃၇ ဦးကော်မတီအဖြစ် ဖွဲ့စည်းထားသည်။

၎င်းအပြင် စည်းရုံးရေးလုပ်ငန်းအဖွဲ့၊ ဖွဲ့စည်းပုံစည်းမျဉ်း ညှိနှိုင်းရေးဆွဲရေး လုပ်ငန်းအဖွဲ့ ၊ ဘဏ္ဍာရေး လုပ်ငန်းအဖွဲ့နှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့ စသည့်ဖြင့်လည်း တိုးချဲ့ဖွဲ့စည်းထားသည်။

ဧပြီလ ၉ ရက်နေ့တွင် ကော်မတီအစည်းအဝေး ထပ်မံကျင်းပမည်ဟုလည်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates