Wednesday, April 11, 2012

၂၀၁၁ နိုဝင်္ဘာ မြစ်ကြီးနား ဗုံးပေါက်ကွဲမှု သက်သေများကို စစ်ဆေးနေ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၁ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ၂၀၁၁ ခုနှစ် နိုဝင်္ဘာလ ၁၃ ရက်နေ့ မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဦးတန်ဂွန်းနှင့် ဇနီးသည် အပါအဝင် ခြောက်ဦး အမှုအတွက် တရားလိုသက်သေ နှစ်ဦးအား စစ်ဆေးနေပြီ ဖြစ်ကြောင်း ဦးတန်ဂွန်းတို့၏ ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် နေအိမ်ပိုင်ရှင် ဦးဒယောင်တန်ဂွန်းနှင့်အတူ ဇနီး ဒေါ်ထုရော်၊ သားမက် ဦးသိန်းထက်အောင်၊ အိမ်မျက်နှာချင်းဆိုင်ရှိ တည်းခိုခန်းမှ မန်နေဂျာ ဦးဒေါင်လွမ်း၊ ကိုဘရန်ဂျာ၊ အလယ်ကုန်း ရပ်ကွက်မှ ဦးဖောင်ယမ် ဘောက်လာတို့ ခြောက်ဦးတို့အား လူသတ်မှု၊ နာကျင်စေမှု၊ အားပေးကူညီမှု အပါအဝင် ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုကာ ခရိုင်တရားရုံးတွင် သက်သေများကို စစ်ဆေးနေခြင်း ဖြစ်သည်။

“သေတာလည်း သူတို့ မိသားစုပဲ။ တရားခံဖြစ်တာလည်း ဒီမိသားစုပဲ။ ဒီမိသားစုနဲ့ ပတ်သက်တဲ့ ဘေးပတ်ဝန်းကျင်တွေ ဖမ်းခံရတယ်။ တချို့လူတွေ အမြင်မှာတော့ ဒီလိုမိုင်းခွဲတဲ့ အလုပ် မကောင်းတဲ့အလုပ် လုပ်တယ်လို့ မြင်တယ်။ ကျမ
တော့ အဲဒီလို မမြင်ဘူး။ ဒါ လူသားချင်း စာနာထောက်ထားရမယ်” ဟု ဒေါ်ဒွဲဘူ က မဇ္ဈိမကို ပြောသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်သည့် မြင်ကွင်း (Photo:: Hkra U/ mizzima)

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဦးတန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ဝ ဦးသေဆုံးခဲ့ရာ ဦးတန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး၊ မိဘမဲ့ကလေး လေးယောက်နှင့် စစ်ပြေး ဒုက္ခသည် သုံးယောက်တို့ သေဆုံးခဲ့ရသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဦးဒယောင်တန်ဂွန်း၏ သား ဦးဒယောင်ဆိုင်းခွမ် ဒဏ်ရာဖြင့် သေဆုံးနေသည့် အနေအထားအရ “၎င်းသည် မိုင်းကို
ဖောက်ခွဲမှု ပြုလုပ်ရေးအတွက် ပြင်ဆင်ပြသနေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရကြောင်း” သတင်းရေးသားဖော်ပြခဲ့သည်။

ထိုနေ့သတင်းစာတွင် “KIA မှ အဖျက်အမှောင့်ပြုလုပ်မှု ဇယားချုပ်စာရင်း” အား အဆိုပါ ပေါက်ကွဲမှုသတင်းနှင့် ပူးတွဲဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

အမှုအား တရားလိုအဖြစ် မြစ်ကြီးနား အမှတ် ၁ အရဲစခန်းမှူး ဒုရဲအုပ် ဦးသိန်းဌေးနှင့် သီတာရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တို့ကို ပြီးခဲ့သည့် သီတင်းပါတ်က ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ပြီး အင်္ဂါနေ့ ရုံးချိန်းတွင် သက်သေခေါ်ယူ စစ်ဆေးခြင်း မရှိဘဲ ရမန်သာ ယူခဲ့သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရှေ့နေ ဒေါ်ဒွဲဘူ က ပြောသည်။

“သူတို့ ဘယ်လောက် သက်သေ အထောက်အထား ပြနိုင်မလဲ။ အခု ဖမ်းထားတဲ့ လူတွေက ဒီကိစ္စမှာ အဓိက တရားခံတွေ မဟုတ်ဘူးလို့ မြင်တဲ့အတွက် သူတို့ ဆုံးရှုံးမှု အများရှိသွားတဲ့အတွက် ကျမတို့က ကူညီတယ်” ဟု ပြော သည်။

အမှုကို မြစ်ကြီးနား ခရိုင်တရားသူကြီး ဒေါ်ခိုင်သဇင်ရွှေက စစ်ဆေးပေးနေပြီး ရုံးချိန်း နှစ်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ကျန်သက်သေ ၃၀ ကျော် စစ်ဆေးရန် လိုအပ်နေသဖြင့် အဆိုပါ အမှုအား အမြန်ဆုံး စစ်ဆေးပေးရန် တရားသူကြီးထံ တင်ပြထားသည်ဟု ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

“တရားလိုတွေလည်း သူတို့ကိုယ်တိုင် မြင်တာမဟုတ်ဘူး။ စစ်ကြောချက်အရ လုပ်တာ။ ဥပဒေနဲ့ ညီမညီ သက်သေ အပေါ်မှာပဲ မူတည်မှာပေါ့။ ကျမတို့ကတော့ ဒီအိမ်မှာ မိုင်းကွဲတာတော့ မှန်ပြီ၊ ဒါပေမယ့် ဖမ်းထားတဲ့ လူတွေက သူတို့ ပြုလုပ်မှုကြောင့်တော့ မဟုတ်ဘူးဆိုတာက ခံယူတယ်။ သေတဲ့လူလည်း သေသွားပြီ”ဟု ပြောသည်။

အခင်းဖြစ်ပွားပုံကို ဒေသခံများအပြောအရ နေအိမ် အနောက်ဘက်လမ်းကြားမှ မော်တော်ဆိုင်ကယ်နှင့် လူနှစ်ဦး ရောက်ရှိလာပြီး ခြံဝင်းထဲသို့ အထုပ်တထုပ် ပစ်ချခဲ့ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ယုံကြည်နေကြသည်။

ဦးတန်ဂွန်း၏ ဇနီးဖြစ်သူမှာ အခင်းဖြစ်ပွားစဉ် အိမ်ပေါ်မှ ခုန်ချခဲ့ရသဖြင့် ခြေထောက်ကျိုးသွားကာ ယခု ကျောက်ပတ်တီး စည်းထားရသဖြင့် ကျောပိုး၍ တရားခွင်သို့ လာရောက်ခဲ့သည်ဟု သိရသည်။

အစွပ်အစွဲခံ ၎င်းခြောက်ဦးအား မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားသည့်နေ့က အိမ်ရှင် ဦးတန်ဂွန်းသည် စစ်ကိုင်းတိုင်း ကသာမြို့သို့ လွတ်လပ်သော ခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာများနှင့်အတူ သာသာပြု ခရီးထွက်လျက်ရှိရာမှ ထိုနေ့တွင်ပင် ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး၍ မြစ်ကြီးနား ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

၎င်းအား ဖမ်းဆီးပြီးနောက် စရဖမှ စစ်ဆေးမေးမြန်းစဉ်က ဦးခေါင်းတွင် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း ဦးတန်ဂွန်းက ရှေ့နေ ဒွဲဘူကို ပြောပြခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဒိုင်လူကြီး တဦးဖြစ်သူ ဦးတန်ဂွန်းသည် လွန်ခဲ့သော ငါးနှစ်က ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွင် သိုင်းပညာနှင့် ဘင်ခရာသင်တန်း နည်းပြဆရာ လုပ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှစ၍ မိဘမဲ့ကလေးများကို စောင့်ရှောက်၍ သီးသန့်နေထိုင်နေသူ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates