Wednesday, April 11, 2012

ဒေါ်စုနှင့်သမ္မတ တွေ့ဆုံမှု ကမ္ဘာ့သတင်းဌာနများ ကနဦး ရေးသားချက်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ရွေးကောက် တင်မြှောက်ခြင်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် တွင် ဗုဒ္ဓဟူးနေ့က တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။

ယခုတွေ့ဆုံမှုသည် အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအပြင် ပါလီမန်ရေးရာကိစ္စများလည်း ဆွေးနွေးဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ကိုးကား၍ CBC သတင်းဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သြစတြေးလျ အသံလွှင့်ဌာန ABC ကမူ ယခုတွေ့ဆုံမှုအတွင်း ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများ ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရတွင်း ဝန်ကြီးရာထူး လက်ခံ ရယူလိမ့်မည် မဟုတ်ဘဲ အကြံပေးအဆင့်နေရာကိုမူ လက်ခံ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားဖူးသည်ဟု ရေးသားထားသည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လတွင်းက ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
တွေ့ဆုံခဲ့ဖူးသော်လည်း ထိုစဉ်က NLD ပါတီမှာ တည်ဆဲဥပဒေ ပြင်ပတွင် ရှိနေခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates