Tuesday, April 10, 2012

ဒေါ်စုနှင့် ALP တွေ့ရန်အစီအစဉ် ဖျက်သိမ်းလိုက်ရ

မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့တွင် ရောက်ရှိနေသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ကိုယ်စားလှယ် အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း အချိန် အခက်အခဲကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဟု ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ အချိန်ကလည်း သိပ်မရတာကြောင့် အစီအစဉ် ဖျက်လိုက်တာပါ" ဟု ခိုင်စိုးနိုင်အောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ထိန်မောင် ၏ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် ဖေဖေါ်ဝါရီလအတွင်းက လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်များနှင့် ဧပြီလ ၈ ရက်နေ့က လည်းကောင်း တွေ့ဆုံနိုင်ခဲ့ပြီး အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ထပ်မံတွေ့ဆုံနိုင်ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် က ပြောသည်။

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမယ်လို့ ရွေးကောက်ပွဲ Manifesto (ကြေညာစာတမ်း) မှာလည်း ပြောထားတော့ အခုလို အပစ်အခတ် ရပ်စဲရေးတွေ၊ နောင်တွေ့ဖို့ စီစဉ်လာတယ်ဆိုရင်လည်း
တွေ့မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ALP သည် ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်
တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဘက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်ဟုလည်း ခိုင်စိုးနိုင်အောင်က မဇ္ဈိမကို ပြောသည်။

ALP နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြည်ထောင်စုအဆင့်ကိုမူ နှစ်လအတွင်း ဆက်လက် ဆွေးနွေးနိုင်မည်ဟု လည်း ခိုင်စိုးနိုင်အောင်က ခန့်မှန်းသည်။

ဗဟိုဌာနချုပ်ကို အိန္ဒိယ-ရခိုင် နယ်စပ်တွင် အခြေစိုက်ထားသည့် ALP သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကရင်ပြည်နယ် တို့တွင်လည်း လှုပ်ရှားနေကာ လက်နက်ကိုင်လှုပ်ရှားမှု သက်တမ်း နှစ် ၄ဝ ကျော် ရှိနေပြီ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates