(အယ်ဒီတာ့အာဘော်)
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၄ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်၊ မတင် အဆုံးအဖြတ် ပေးရတော့မယ့် ကာလတခုကို ရောက်ရှိလာပါပြီ။ အမျိုးမျိုးအဖုံဖုံသော အကျိုးစီးပွားတွေနဲ့ အဖွဲ့အစည်းများစွာကြောင့် အောက်ခြေကနေ လှိုက်စားသွားနိုင်မယ့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး လမ်းကြောင်းပေါ် မြန်မာပြည်က လျှောက်လှမ်းနေချိန်မှာ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့
ရှေ့ရေးအတွက် အရေးပါလွန်းလှပါတယ်။
ဒီလိုအခရာကျတဲ့ လမ်းဆုံမှာ ဒီချုပ်ဘာလုပ်မှာနည်း။ လုံးဝအလျော့မပေးရေးမူကို ဆွဲကိုင်ပြီး မှတ်ပုံမတင်ဘဲ ဆက်ထားဖို့ ရွေးမှာလား။ ဒါမှမဟုတ် နိုင်ငံရေးပါတီတရပ်ပါလို့ အများနည်းတူ မှတ်ပုံတင်ကာ ပါတီတွင်း အရည်အသွေး တည်ဆောက်မှုတွေ၊ စုစည်းမှုတွေကို တရားဝင်ဆက်လုပ်မလားဆိုတာ ဖြစ်ပါတယ်။
ဒီချုပ်ရဲ့ စိုက်လိုက်မတ်တပ် ကိုင်ဆွဲထားခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူကြောင့် မှတ်ပုံတင်ခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ပါတယ်။ အထီးကျန်စေခြင်းဟာ အလုပ်ဖြစ်တဲ့လမ်း မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းမှာ ထိတွေ့ဆက်ဆံရမယ့် အချိန်ရောက်နေပါပြီ။
နိုင်ငံရေးအကျဉ်းသာား ၂,ဝဝဝ လောက်ထောင်တွေထဲမှာ ဆက်လက်ရှိနေသေးတာ၊ တိုင်းပြည်တဝှမ်း အပစ်အခတ်ရပ်စဲရေး မကြေညာသေးတာ၊ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတာကြောင့် အခုနေမှာ မှတ်ပုံတင်လိုက်ရင် လက်နက်ချလိုက်သလို ဖြစ်မှာပဲဆိုပြီး
စောဒကတက်သူတွေလည်း ရှိနေပါသေးတယ်။ မှတ်ပုံတင်လိုက်ခြင်းအားဖြင့် ဒီချုပ်ရဲ့ ၂၁ နှစ်ကြာ ခုခံတော်လှန်မှုနောက် သမ္မတဦးသိန်းစိန် အစိုးရကို အသိအမှတ်ပြု အရှုံးပေးရာကျတယ်လို့ သူတို့က မြင်ကြပါတယ်။
တကယ်ဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်များစွာ ဖိနှိပ်အုပ်ချုပ်မှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အုပ်စိုးသူတွေက လုပ်လာခဲ့တဲ့ သမိုင်းရှိတဲ့နိုင်ငံတခုမှာ အစိုးရအပေါ် သံသယကြီးကြတာက အကြောင်းရင်းတခု ဖြစ်နေလို့ပါပဲ။
မတရားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ များမြှောင်လှစွာသော အဖြစ်အပျက်တွေက နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီကြီးကို အငြင်းပွားဖွယ်ရာ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီမှာ ပါတီမှတ်ပုံတင်ဖို့ မဖြစ်အောင် တားဆီးခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကတော့ ပြင်ဆင်မှုအပြောင်းအလဲတွေ လုပ်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့ပြီးပါပြီ။ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးရင် ဥပဒေအဖြစ် ထွက်လာတော့မှာဖြစ်ပါတယ်။
လက်ဟောင်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေမှာ ထောင်ဒဏ်ကျခံနေရဆဲသူတွေကို ပါတီဝင် မဖြစ်နိုင်အောင် ကန့်သတ်ထားသလို ဒီချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝင်အရွေး မခံနိုင်အောင် ပိတ်ပင် ထားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတနဲ့ တွေ့ဆုံမှုလုပ်၊ အစိုးရကိုယ်စားနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာ အခုဆိုရင် စတုတ္တအကြိမ်တိုင်သွားပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒီဆွေးနွေးမှုတွေဟာ အပြုသဘော ဆောင်တယ်ဆိုတာ ထုတ်ဖော် ပြောဆိုပြီးသား ဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင်ဟာ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး ကိစ္စရပ်မှသည် ကူးသန်းရောင်းဝယ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတို့ကိုပါ ပါဝင်ဆွေးနွေးခွင့်ရှိနေတာဟာ၊ ပြည်သူလူထုနဲ့ ထိတွေ့ ခွင့်ရနေခဲ့တာတွေဟာ နေအိမ်အချုပ် ချခံခဲ့ရတာတွေထက် အပြုသဘောဆောင်တဲ့ တိုးတက်မှု ဆိုတာကတော့ ငြင်းချက်ထုတ်လို့မရတဲ့ အဖြစ်ပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် လိုအပ်နေတာဟာ ပါတီ တည်ဆောက်ရေး၊ အရည်အသွေး မြှင့်တင်ရေးနဲ့ လူထုနဲ့ထိတွေ့နေရေး မဟုတ်ပါလား။ ဆယ်စုနှစ်နှစ်ခုကျော် မာမာတင်းတင်း တောင်ခံခဲ့တဲ့ ယုံကြည်ချက်အတွက် အနစ်နာခံနိုင်တဲ့ ခေါင်းဆောင်မှု အရည်အသွေး တရပ်ကို သက်သေပြခဲ့ပြီး လည်း ဖြစ်ပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေကိုလည်း လျစ်လျူရှု့လို့မရပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးဟာ ပြည်တွင်းရေးနဲ့ပါ ဆက်ဆိုင်နေပါတယ်။ မြန်မြန် ဖြေရှင်းနိုင်လေ ကောင်းလေဆိုတာ လူတိုင်းလက်ခံလိုလားပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ စွဲမြဲနေခဲ့တဲ့ ပြသနာတွေကို ဖြေရှင်းရာမှာနေ့ချင်း၊ ညတွင်းချင်း ဖြစ်လာမယ်လို့ မျှော်လင့်နေတာကလည်း စိတ်ကူးယဉ်မှု တရပ် ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ သာယာနေမှုနဲ့ လေးတွဲ့နှေးကွေးမှုတွေကို အစွမ်းကုန် ရှောင်ရှားသွားဖို့တော့ လိုပါ တယ်။ တကယ်လို့များ ဒီမိုကရေစီဖြစ်ထွန်းရေး တွန်းအားပေးမှု အရှိန်ကျနှေးကွေးလာရင် ဘက်ပေါင်းစုံမှာရှိတဲ့ အစွန်းရောက်တွေက နိုင်ငံရေးဖြစ်စဉ်တွေကို လုယူသွားပြီး တဘက်သတ်ကျတဲ့ အဖြေရှာမှုတွေ လုပ်လာပါလိမ့် မယ်။ အဲဒီအခါကျရင် အမျိုးသားပြန်လည် သင့်မြတ်ရေး မျှော်လင့်ချက်ဟာ ထပ်ပြီး နှောင့်နှေးသွားမှာပါ။
ဒီချုပ်အနေနဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် ပြည့်ပြည့်ဝဝ လည်ပတ်နိုင်လာမယ့် ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှ
မြန်မြန်ကြေညာဖို့၊ ဒီမိုကရေစီအတွက် လူထုအကျိုးပြုလုပ်ငန်းတွေအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။