Friday, September 9, 2011

RNDP အမတ် နှစ်ဦးနိုင်၊ တဦးရှုံး

သဲသဲ| သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက မဲမသမှုဖြင့် တရားစွဲထားသည့်  ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDPမှ အမတ် သုံးဦးအနက် နှစ်ဦး အနိုင်ရပြီး တဦးရှုံးနိမ့်ကြောင်း ရွေးကောက်ပွဲ ခုံရုံးအဖွဲ့က သောကြာနေ့တွင် ဆုံးဖြတ်လိုက်သည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်၌ အနိုင်ရခဲ့သည့် အထက်လွှတ်တော် အမတ် ဦးကျော်ထွန်းအောင် ပြည်နယ် လွှတ်တော် အမတ် ဦးမောင်ကျော်သိန်းတို့ကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။

ရှုံးနိမ့်သွားခဲ့သော ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ဇံမှာ ကျင်းပနေဆဲ လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် နှုတ်ထွက်ကာ ပြန်လာရမည် ဖြစ်သည်ဟု RNDP ၏ ပြောရေးဆိုခွင့်ရှိသူ က မဇ္ဈိမကို ပြောသည်။

“နိုင်ပါရက်ကယ်နဲ့ လွှတ်တော်တက်နေရင်း အပယ်ခံရတဲ့ တဦးတည်းသော အမတ်အနေနဲ့ ထူးထူးဆန်းဆန်း ဖြစ်သွားတာပေါ့”ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

RNDP အမတ်သုံးဦးကို မဲသမာမှု အပါအဝင် ရွေးကောက်ပွဲ မဲဆွယ်ချိန်တွင် အစိုးရကို ပုတ်ခတ်ပြောဆိုခြင်းနှင့် ရခိုင်အမျိုးသားရေး ဝါဒကို ပြင်းထန်စွာ ပြောဆိုခဲ့သည်ဟု အာဏရအစိုးရ၏ ကြံ့ခိုင်ရေးပါတီမှ အမတ်များက ကော်မရှင်တွင် တိုင်ကြားရာ ဇူလိုင် ၇ ရက်နေ့တွင် အမတ်သုံးဦး ရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက်ကို မကျေနပ်သော RNDP က ရွေးကောက်ပွဲခုံရုံးတွင် အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ အယူခံ ထပ်မံ တင်ခွင့် မရှိသော်လည်း အခြား ဥပဒေကြောင်းအရ ယင်းအမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ပါတီအတွင်း ပြန်လည် ဆွေးနွေးသွားမည်ဟု RNDP ဆိုသည်။

RNDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ အမတ်နေရာ ၃၅ ဦး အနိုင်ရခဲ့ရာမှ လွှတ်တော် အမတ် တဦး အပယ်ခံခဲ့ရခြင်း ဖြစ်သည်။

“ရှုံးသွားတယ် ဆိုတော့ အတော်ဝမ်းနည်းဖို့ ကောင်းပါတယ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတဲ့ လူတွေ လည်း ပြန်စဉ်းစားဖို့ ကောင်းပါတယ်၊ ကျနော်တို့ တော်တော်များများ အနိုင်ရလို့ အငြိုးနဲ့များ လုပ်တာလားလို့တောင် ခံစားရတယ်”ဟု ဦးဦးလှစောက ပြောသည်။

အမှုနိုင်ခဲ့သည့် အမတ် နှစ်ဦးကို  တရားလို ကြံ့ခိုင်ရေး ပါတီက တဦးလျှင် ကျပ် ၁၅ သိန်း လျော်ကြေးပေးရန်နှင့် RNDP ဘက်မှ  ရှုံးနိမ့်သွားခဲ့ အမတ်တဦး အတွက် ကြံ့ခိုင်ရေးပါတီကို ကျပ် ၁၆ သိန်း လျော်ကြေးပေးရရန် ခုံအဖွဲ့က ဆုံးဖြတ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates