Friday, September 9, 2011

ဦးဥတ္တမနေ့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပ

ကိုပေါက်| သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားများကို စက်တင်္ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေ၊ မင်းပြား၊ ကျောက်တော်မြို့များ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ရုပ်တုရှေ့သို့ ညနေ ၃ နာရီက အင်အား ၅၀၀ ခန့် သွားရောက် ပန်းခွေချ ဂါရဝပြုခဲ့ပြီး ဆီမီးများ ထွန်းညှိ ပူဇော်ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးဦးလှစောက မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ ဦးဥတ္တမ ရုပ်တုကို တွေ့ရစဉ် (ဓါတ်ပုံ - Kumara)

“ပါတီဝင်အင်အား ၁၀၀ လောက်က သွားကြတော့ လူထုက လိုက်လာပြီး ထင်တာထက် ပိုများလာတယ်။ ဒါပေမယ့် ဘာမှတော့ ပြဿနာ မရှိပါဘူး။ စနစ်တကျပဲ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သူတွေ ကလည်း ဘာမှ အနှောက်အယှက် မပေးပါဘူး” ဟု သူက ပြောသည်။

ဤသို့ လမ်းလျှောက် ချီတက်ရန် အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင် အကြောင်းကြား ခဲ့ရသော်လည်း တားမြစ်မှု မရှိခဲ့ကြောင်း “သူတို့က ပြင်းပြင်းထန်ထန် တားတာမျိုးတော့ မလုပ်ဘူး။ ခွင့်ပြုတာရယ် လို့လည်း မဟုတ်ဘူး။ ညှိညှိနှိုင်းနှိုင်း လုပ်တဲ့ အဓိပ္ပါယ်ပါပဲ” ဟု ဦးဦးလှစောက ပြောသည်။

မနက်ပိုင်းတွင် စစ်တွေမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော် ကလည်း ဦးဥတ္တမ ရုပ်တုရှေ့သို့ သွားရောက် ဂါရဝပြုခဲ့ကြကာ မြို့နေလူထုကလည်း ရပ်ကွက်အလိုက် သွားရောက် ဂါရဝပြုခဲ့ကြသေးသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဓညဝတီ သာသနာပြု ကျောင်းတိုက်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD မှ ကျင်းပသည့် အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသား ပါတီများမှ ပူးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ စိုင်းစောအောင်တို့ လာရောက်ကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဦးတင်ဦးနှင့် EC အဖွဲ့ဝင်များလည်း လာရောက်ကြကာ အခမ်းအနားမှူးအဖြစ် ဦးအေးသာအောင်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဦးဥတ္တမ၏ အထ္ထုပ္ပတ္တိအား ပြောကြားသွားခဲ့သည့် ALD ဥက္ကဋ္ဌ ဦးသာဘန်းက ဦးဥတ္တမနေ့အား မြန်မာပြည် အစိုးရ အဆက်ဆက်က လျစ်လျူရှုခဲ့သည့် အကြောင်း မဇ္ဈိမကို ပြောသည်။

“ဖဆပလ ကလည်း ကြီးမှူးမလုပ်ခဲ့ဘူး။ အိမ်စောင့် အစိုးရ (ဗိုလ်နေဝင်း) လက်ထက်မှာလည်း မလုပ်ဘူး။ ပထစ လက်ထက် ၁၉၆၁ မှာတော့ ပမညတနဲ့ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဦးဥတ္တမ ပန်းခြံဆိုပြီး ကန်တော်မင် ပန်းခြံကို အမည်ပြောင်းတယ်၊ ဦးဥတ္တမ ကျောက်ရုပ်ကို အဲဒီမှာ ထားတယ်” ဟု ပြောသည်။

သို့သော် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဦးဥတ္တမ ပန်းခြံအား ကန်တော်မင် ပန်းခြံအဖြစ် ဗိုလ်မှူးချုပ်
အောင်ကြီး အမိန့်ဖြင့် ပြန်လည် ပြောင်းပစ်ခဲ့ကြောင်း “အဲဒီတုန်းက နံပါတ်တူးလို့ လျှန်းလျှန်းတောက်နေတဲ့ ဗိုလ်အောင်ကြီးက “ဒီကျောက်ရုပ် ဘာလုပ်မလဲ။ ဘာလုပ်ဖို့ ဒီမှာထားတာလဲ။ ဒါ ကန်တော်မင် ပန်းခြံလို့ပဲ ဆိုင်းဘုတ်တပ်။ ဒီအရုပ်ကို ဖယ်လိုက်” ဆိုတဲ့ အမိန့်ကြောင့် ဖယ်လိုက်ရတယ်လို့ ကျနော်တို့ သိတယ်။ ကျနော်တို့ မှတ်တမ်းတွေ ရှိပါတယ်” ဦးသာဘန်းက ဆက်ပြောသည်။

အဖယ်ရှား ခံလိုက်ရသော ဦးဥတ္တမ ရုပ်တုမှာ ဆိုဗီယက် သံရုံးအနီး ခြုံပေါင်းများထဲမှ ပြန်လည် တွေ့ရှိပြီး ကိုယ်တိုင် ထုလုပ်ခဲ့သည့် ပန်းပုဆရာကြီး ဦးဟန်တင်က သိမ်းဆည်းထားရကြောင်း ဆက်လက် ရှင်းပြသည်။

တာမွေမြို့နယ်၊ ရန်ကင်း သာသနာပြု ကျောင်းတိုက်တွင်လည်း ‘ရခိုင်မင်္ဂလာ’ချီ ရတု ရွတ်ဆို ဖွင့်လှစ်ပြီး အဝေးရောက် ရခိုင်လူငယ်များ အသင်းက ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ရခိုင်လူမျိုးကိုယ်စားလှယ် ဦးဇော်အေးမောင်လည်း တက်ရောက်ကြောင်း သိရသည်။

ဦးဥတ္တမနေ့မှာ ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် လျာထားသည့် နေ့များတွင် တခု အပါအဝင် ဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၀ ရက်စွဲဖြင့် RNDP ပါတီက ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်အတွက် ပြည်တွင်း/ပြည်ပ သဘောထားများ တောင်းခံခဲ့ရာ ဦးဥတ္တမနေ့မှာ လူကြိုက်များလှကြောင်းလည်း သိရသည်။

သို့သော်လည်း ဓညဝတီပြည် စတင် ထူထောင်သည့်နေ့၊ မဟာမြတ်မုနိ ကိုယ်တော် ရေစက်သွန်းချသည့်နေ့၊ မင်းစောမောင် မြောက်ဦးနန်း တည်ထောင်သည့်နေ့၊ ရခိုင်အမျိုးသားများ ခေတ်သစ်နိုင်ငံရေး နိုးကြားလာသည့် နေ့များ စသဖြင့် ရွေးချယ်စရာ နေ့ထူးနေ့မြတ်များလည်း ရှိနေပြီး မဆုံးဖြတ်ရသေးကြောင်း RNDP မှ ဦးဦးလှစောက
“ကျနော်တို့ ပါတီက ဆုံးဖြတ်ချက် မကျသေးတဲ့ အတွက် ပြည်နယ် လွှတ်တော်မှာလည်း မတင်ပြ ရသေးပါဘူး။ အမျိုးသားနေ့ တနေ့ကိုတော့ တောင်းမယ်။ ပြည်နယ် လွှတ်တော်မှာရော၊ ပြည်ထောင်စု လွှတ်တော်မှာရော တင်ပြဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ALD မှ ဦးသာဘန်းကမူ ဦးဥတ္တမ၏ မွေးနေ့ဖြစ်သည့် ဒီဇင်္ဘာ ၂၈ ရက်ကို သတ်မှတ်သင့်ကြောင်း သဘောထားပေး သည်။

ဆရာတော် ဦးဥတ္တမ (၁၈၇၉-၁၉၃၉)မှာ မြန်မာ့နိုင်ငံရေးတွင် “ကရက်ဒေါက် ဂက်အောက်” ဟူသော ရဲရဲတောက် စကားဖြင့် ပူးတွဲ လူသိများခဲ့သည့် ရခိုင်အမျိုးသား ဆရာတော်ကြီး ဖြစ်သည်။

ထိုစဉ်က မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး ဒုတိယ ဘုရင်ခံ Sir Reginlad Henry Craddock  အား ဗမာပြည်မှ ထွက်သွားရန် မောင်းထုတ်လိုက်သည့် ဆရာတော်၏ မိန့်ခွန်းမှာ မြန်မာတို့၏ အမျိုးသားစိတ်များကို နိုးကြားလာစေ ခဲ့သည်။

ဆရာတော်သည် ကိုလိုနီခေတ် မြန်မာပြည် ခေတ်သစ် နိုင်ငံရေး နိုးကြားမှုများ မရှိသေးခင် ကတည်းက အိန္ဒိယ အတွေ့အကြုံများကို ဝိုင်အမ်ဘီအေ အဖွဲ့ကြီးအတွင်း ဝေငှ လှုပ်ရှားခဲ့သည်။

ရခိုင်အမျိုးသား ဖြစ်သော်လည်း မြန်မာ တနိုင်ငံလုံး ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ထောင်အကြိမ်ကြိမ်ကျခံ ကြိုးပမ်းအားထုတ် ခဲ့သည်။

အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုချိုင်းနား၊ ယိုးဒယား၊ အင်ဒိုနီးရှား၊ အမေရိကား၊ ဥရောပ နိုင်ငံများသို့ သွားရောက် လေ့လာကာ အတွေ့အကြုံများဖြင့် မြန်မာပြည်သူများအား နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့သည့် ဆရာတော် ဦးဥတ္တမမှာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အရှုတ်ထွေးဆုံး အချိန်ဖြစ်သည့် ၁၉၃၉ စက်တင်္ဘာ ၉ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates