Thursday, September 8, 2011

အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို

ကိုဝိုင်း| ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မထိရောက်ဟု လူအများ ပြောနေကြသော်လည်း အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မြန်မာအစိုးရလက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်များ (ခရိုနီ) ကြောက်ရွံ့လာနေကြသည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သုံးသပ်မှုပြုခဲ့သည်ကို ဝီကီလိခ် အင်တာနက်စာမျက်နှာများတွင် ပေါက်ကြားလာခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ပါရှိသည်။

သြဂုတ် ၃ဝ ရက်နေ့က ပေါက်ကြားသော ကြေးနန်းစာထဲတွင် ထူးထရိတ်ဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ အေးရှားဝေါ်လ် ကုမ္ပဏီမှ စတီဗင်လောနှင့် လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဧရာရွှေဝါ ကုမ္ပဏီပိုင်ရှင် ဦးအောင်သက်မန်းတို့ကို နာမည်တပ် ညွှန်းဆိုထားပြီး သူတို့ပိုင်ငွေများကို အပ်နှံလေ့ရှိသော စင်္ကာပူ ဘဏ်ကြီးများက ပိုမိုတင်းကျပ်သော စည်းကမ်းများချမှတ်လိုက်၍  အခက်အခဲများဖြစ်လာကြောင်း ပါရှိသည်။

ရန်ကုန်အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု မတ်လ ၂၅ ရက်စွဲပါ ကြေးနန်းစာတွင် သံရုံးအဆက်သွယ်များမှတဆင့် သိရသော သတင်းအချက်အလက်များကို အခြေခံပြီး ရေးသားထားရာတွင် မြန်မာနိုင်ငံသားများကို ဘဏ်စာရင်းတခုမက ဖွင့်ခွင့်ပေးသော ယင်းဘဏ်နှစ်ခုက ဘဏ်စာရင်း တခုသာ ဖွင့်ခွင့်ပေးပြီး ချက်လက်မှတ်ဖြင့် ပေးချေခွင့်ကိုလည်း လက်မခံတော့ကြောင်း ပါရှိသည်။ ထို့အပြင် ငွေလွှဲ စာတမ်း letter of credit-LC ကို လည်း ဘဏ်မှ မထုတ်ပေးတော့ကြောင်း ပါရှိသည်။

“အခုဆိုရင် စင်ကာပူဘဏ်တွေဟာ မြန်မာနိုင်ငံနဲ့ ငွေအလွဲအပြောင်းတွေကို အနီးကပ် စောင့်ကြည့်နေပြီး ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂလိကတဦးချင်းက စင်ကာပူဒေါ်လာ ၃ဝ,ဝဝဝ ကျော်ပြီး ပို့ချင်တယ်ဆိုရင် ဒီငွေဘယ်ကရလည်း ဆိုတာ ဖော်ပြရတော့မှာပါ” ဟု သံအရာရှိက သိရှိရချက်ကို ပြန်လည်ပြောဆိုထားသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အရေးယူစာရင်းပါ စီးပွားရေးသမားများအနက် အချို့က စင်္ကာပူ နိုင်ငံအစား ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှ ဘဏ်များမှတဆင့် ငွေလွှဲပြောင်းနိုင်ရေး နည်းလမ်းရှာနေကြသည်ဟု ဆိုသည်။

UOB ဘဏ်က ကိုရီးယားသို့ ငွေမလွဲပေးသဖြင့် ကိုရီးယားကုမ္ပဏီတခုထံမှ ကုန်ပစ္စည်းတင် သင်္ဘောနှစ်စင်း ဝယ်ယူရန် လက်မှတ်ထိုးပြီးမှ ဦးတေဇ အစီအစဉ်ဖျက်လိုက်ရသည်ကအစ အမေရိကန်သံရုံးက သိရှိနေခဲ့သည်။

မြန်မာစစ်အစိုးရက သူ့အား ကျားကျန်ပေးနေသူများကို လုပ်ပိုင်ခွင့်များ ပြန်ပေးနေသည်ကိုလည်း ရန်ကုန် အမေရိကန် သံရုံးက ထောက်ပြထားသေးသည်။

ဦးတေဇမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ပိုင် “မြန်ဂုဏ်မြင့်” ကားတင်သွင်းသည့် ကုမ္ပဏီကိုလည်း လွှဲပြောင်း လုပ်ပိုင်ခွင့် ရတော့မည်ဟု သံရုံးက သူ၏ စိတ်ချရသည့် စီးပွားရေးလုပ်ငန်းရှင် အဆက်သွယ်များမှ တဆင့် ကြိုတင်သိရှိနေသည်။ ကားတစီး တင်သွင်းလျင် အမေရိကန်ဒေါ်လာ ငါး သောင်းမှ တသိန်း အကြားအမြတ်ရမည်ဟုဆိုသည်။

သစ်၊ ကျောက်မျက်ရတနာနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းနှင့် လေကြောင်းလိုင်း စသည့် လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထူးထရေးဒင်း အုပ်စုတွင်လည်း ညွှန်ကြားရေးမှူး လုပ်နေသည့် ဦးအောင်သက်မန်း ကမူ စင်္ကာပူတွင် Asia Might၊ Ayer Hinda၊ Terrestrial စသည့် ကုန်သွယ်ရေးကုမ္ပဏီ သုံးခုကို ထပ်မံဖွင့်လှစ်သည်။

နေပြည်တော်ရှိ တိရစ္ဆာန်ဥယာဉ်အသစ်နှင့် ဈေးဝယ်စင်တာကြီးများ၊ အဝေးပြေးကားလမ်းများကို အခမဲ့ တည်ဆောက်ပေးခဲ့သည့်အတွက် စတီဗင်လော (ထွန်းမြင့်နိုင်) မှာမူ တစီးလျင် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်သည့် ကားအစီး ၂ဝ တင်သွင်းခွင့် လိုင်စင်နှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်များ ရထားသည်ဟု ကြေးနန်းက ဖော်ပြထားသည်။

စတီဗင်လောနှင့် သူ၏ ဇနီး၊ ဖခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်တို့နှင့် သူတို့ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီ အပါအဝင် ဆိပ်ကမ်းစီမံရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းကုမ္ပဏီ တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁ဝ ခုက စတင် ပိတ်ဆို့ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန် ဘဏ်များ၊ ကုန်သွယ်ရေး ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများသာမက အမေရိကန် နိုင်ငံသားတဦးချင်းကပင် ပိတ်ဆို့ခံ ထားရသည့် မြန်မာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှက်၍ သော်လည်းကောင်း ဘဏ္ဍာရေးအရ ဆက်စပ်ပိုင်ခွင့် မရှိပေ။

ယင်း ပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက် ၂ဝဝ၃ ခုက မြန်မာ့လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ Burmese Freedom and Democracy Act ot 2003 ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့ ပြီးနောက် မြန်မာ့ကုန် ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၈ တွင် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ တိုးချဲ့ဆောင်ရွက်ခဲ့သည်။

သူတို့နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုနှင့် ကိုယ်ရေး အချက်အလက်များကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ၏ အင်တာနက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates