Thursday, August 11, 2011

ရှမ်းစစ်ဘေးရှောင် ၃ သောင်းကျော် အတွက် အကူညီလို

ကိုဝိုင်း| ကြာသပတေးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၅ လကြာပြီ ဖြစ်သည့် ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA-N နှင့် အစိုးရတပ်များကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့် ထွက်ပြေးသူ ၃ဝဝဝဝ ကျော်ရှိနေပြီး  ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ သည်ဟု ရှမ်းလူမှု အဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း - Shan Women's Action Network-SWAN နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် Shan Human Rights Foundation –SHRF တို့က ပူးတွဲ ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ် ၉ ခုရှိ ကျေးရွာများမှ ဖြစ်ကာ ဒုက္ခသည် ၃၁၇၀၀ ဦးမှာ တောတောင်များ အတွင်း ပုန်းအောင်းနေရသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် နေရာများ (photo:: http://www.shanwomen.org/)

ယခင်က တောတောင်များထဲ ပုန်းအောင်းလိုက်၊ ဒေသ ပြန်လာလိုက် လုပ်နိုင်ကြသော်လည်း ဇူလိုင်လမှစ၍  တိုက်ပွဲများ ပိုမိုများလာသဖြင့် တောထဲကပင် မထွက်ရဲဖြစ်ရာမှ ရိက္ခာများ လျော့နည်းလာခြင်း ဖြစ်ကြောင်း
ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း Shan Women's Action Network-SWAN ပြောခွင့်ရသူ ယိင်းဟာန်ဖက ပြောသည်။

“ သတင်း ရသလောက်ပေါ့နော် ဆန်က မရှိဘူး ပြောတယ်။ ရှိလည်း ဆန်ကို ငှက်ပျောအူနဲ့ ရောပြုတ်ပြီးတော့ စားနေရတာပေါ့နော်။ ဝေပြီးစားနေရတာပေါ့။ ” ဟု ယိင်းဟာန်ဖ မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင် အချို့မှာမူ တရုတ်-မြန်မာနယ်စပ် ဝ’ တပ်များ ထိန်းချုပ်သည့် ပန်ဆန်းဒေသ၊ ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်းမြို့နယ် အတွင်းသို့ ထွက်သွားသူများလည်း ရှိသည်ဟု ဆိုသည်။

တောတောင်များထဲ၌ ရှောင်ပုန်းနေရသူ ဒေသခံ ရှမ်းလူမျိုးများ အတွက် ရိက္ခာနှင့် ဆေးဝါးအပြင် သောက်ရေသန့်၊ အမိုးအကာများလည်း လိုနေသည်။

SSA-N ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသတွင် ပြီးခဲ့သည့်လက ဝမ်းပျက်၊ ဝမ်းလျှော၊ ငှက်ဖျားရောဂါတို့ဖြင့် ကလေးနှင့် အသက်ကြီးသူ အများစု အပါအဝင် သေဆုံးသူ ၂၄ ဦးရှိသည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အစိုးရတပ်များက ဒေသခံများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ နှိပ်စက်ခြင်း စသည့် လူမဆန်သော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။ မတ်လ ၂၁ ရက်နေ့မှ ဇူလိုင် ၅ ရက်
အတွင်း မုဒိန်းမှု ၈ မှုကို အချက်အလက်များနှင့် တကွ ယင်း ရှမ်းနှစ်ဖွဲ့က သီးခြားစီ ထုတ်ပြန်ထားသေးသည်။

ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သည့် NGO များကို အာဏာပိုင်များက သွားခွင့် မပြုသဖြင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များမှ တဆင့် နယ်စပ် ဖြတ်ကျော် အကူအညီပေးရန် ယင်းရှမ်းလူမှုအဖွဲ့ နှစ်ခုက
တောင်းဆိုထားသည်။

“မြန်မာပြည်မှာ အကူအညီ အားလုံးကို စစ်အုပ်စုက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် နယ်စပ်
ဖြတ်ကျော် အကူအညီသာလျှင် စစ်ပွဲဒဏ်ခံ လူထုဆီကို ရောက်ရှိဖို့ တခုထဲသော နည်းလမ်း ဖြစ်ပါတယ်” ဟု
SWAN တာဝန်ခံ နန်းဆိုင်မွန်းက နိုင်ငံတကာ အလှူရှင်များကို ထုတ်ပြန်ချက်အတွင်း ပြောဆို တိုက်တွန်းထား
သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ပင်းလုံမြို့နယ် အတွင်းရှိ ရှမ်းဒုက္ခသည် စခန်းမှ လူ ၆၀၀ ကျော် အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်ကို ရိက္ခာ ထောက်ပံ့နေသည့် TBBC တာဝန်ခံ တဦး
ဖြစ်သူ Sally Thompson ကမူ “အကူညီတွေပေးဖို့ လတ်တလော ဘယ်အဖွဲ့အစည်းကမှ တင်ပြ တောင်းဆို
လာတာမျိုး မရရှိသေးပါဘူး” ဟုပြောသည်။

စစ်ဘေး ဒုက္ခသည်များ အတွက် NGO များက အကူအညီပေးလာခြင်း မရှိသေးကြောင်း ရှမ်းပြည်တပ်မတော်-
မြောက် SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။ သူကမူ ဒုက္ခသည် စုစုပေါင်း ၂ သောင်းကျော် ရှိမည်ဟု ခန့်မှန်းသည်။ မိုးသည်းထန်စွာ ရွာနေသော်လည်း ဒုက္ခသည်များမှာ တောတွင်း၌ မိုးကာစနှင့် ခမောက်ကိုသာ အမိုးအကာအဖြစ် အသုံးပြုပြီး ဖြစ်သလို နေကြသည်ဟု ဆိုသည်။

“နေရာအနှံ့လည်း တိုက်ပွဲဖြစ်တာကိုး။ မိုင်းရှူးမြို့နယ်၊ တန့်ယန်း၊ လားရှိုးမြို့နယ်တို့ ကျနော်တို့ ဝမ့်ဟိုင်း ဌာနချုပ် ဝန်းကျင်ပေါ့။ တိုက်ပွဲငယ်လေးတွေ နေ့တိုင်းဖြစ်တာပေါ့၊ အားလုံးဆိုရင် ၂ သောင်းတော့ ကျော်တာပေါ့” ဟု
ပြောသည်။

SSA-N ဌာနချုပ် ဝမ်ဟိုင်းရှိရာ ကျေးသီးမြို့နယ် အတွင်း၌ ကြာသာပတေးနေ့ နံနက်ကလည်း တိုက်ပွဲများ
ဖြစ်ခဲ့သည်။

SSA-N အဖွဲ့သည် ဒေသခံ တပ်ရင်းများဖြစ်သည့် ခလရ ၂၈၆၊ ခလရ ၉၊ ခလရ ၁၂၊ ခလရ ၁၃၁၊ ခမရ ၁၇၊
ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ တို့နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates