Thursday, August 11, 2011

ရှမ်း ပူးပေါင်းတပ် အစိုးရတပ်ကို ထိုးစစ်တိုက်


ကွန်းချမ်း| ကြာသပတေးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် တောင်ပိုင်း (SSA-S) ပူးပေါင်း တပ်များက အင်္ဂါနေ့တွင် အစိုးရတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နှစ်ဘက် ပြောရေးဆိုခွင့်ရှိသူတို့က ပြောသည်။

SSA-N တပ်ရင်း ၈၀၁ နှင့် SSA-S ပူးပေါင်းတပ်က ကျေးသီး-မိုင်းနောင် ကားလမ်းပိုင်းအတွင်း ဝမ်ဖိန့်ကျေးရွာ
အနီးရှိ အစိုးရ တပ်စခန်း တခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရတပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း SSA-N ဘက်က ပြောသည်။

“၁ဝ ရက်နေ့မနက် ၆ နာရီ မိနစ် ၂ဝ အချိန်မှာ ကျနော်တို့ ဝင်တိုက်တာ ခင်ဗျ။ တခြားနေရာတွေမှာလည်း ရှိပါသေးတယ် ခင်ဗျ။ ကျနော်တို့ ပူးတွဲပြီးတော့ အဲဒီလို တိုက်တာ၊ တိုက်ပွဲကတော့ တနေရာမဟုတ် တနေရာ နေ့တိုင်း ဖြစ်နေတာပဲ ကျနော်တို့ နယ်မြေမှာ” ဟု SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် တောင်ပိုင်း (SSA-S) ပူးပေါင်း တပ်များက အစိုးရတပ်ကို ပူးပေါင်းတိုက်ခိုက် (ဓါတ်ပုံ- SSPP/SSA)

SSA-S ပြောဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်ကလည်း ရှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပေါင်းပြီး ဇူလိုင်လမှ စ၍ အစိုးရတပ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သို့သော်လည်း မိမိဒေသအတွင်း၌သာ တိုက်ခိုက်ခဲ့သည်က များကြောင်း ပြောသည်။

“ပေါင်းပြီး ပြန်တိုက်တာ ရှိပါတယ်။ ဒါပေမဲ့ အဓိကကတော့ ကျနော်တို့ ဒေသတဝိုက်မှာ ပြောက်ကျား နည်းဗျူဟာ
အရ တဖက်နဲ့တဖက် အပြန်အလှန် အကူအညီပေးပြီးတော့ ကိုယ့်ဒေသမှာ နေပြီးတော့ တိုက်တာက ပိုများပါတယ်”
ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီ ဖြစ်ကြောင်း ၂ဝ၁၁
မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော်လည်း ပေါင်းစည်းရန် အတွက် နှစ်ဖက်လူကြီးများ သဘောတူညီခဲ့ခြင်းသာ ဖြစ်ပြီး လုပ်ငန်းစဉ်ပိုင်း ဆိုင်ရာ နောက်ထပ် ဆွေးနွေးစရာ ရှိနေသေးကြောင်း၊ SSA မြောက်ပိုင်းကို အစိုးရတပ်က အင်အား အလုံးအရင်း
ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် နောက်တွင် ဆက်လက် မဆွေးနွေးနိုင်သည့် အတွက် ပူးပေါင်းရန် ကြန့်ကြာ
ခဲ့ရကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

ဝမ်ဟိုင်း ဌာနချုပ်ကို ဝိုင်းထားသည့် တပ်ရင်း ၁၄ ရင်းအနက် လက်ရှိတွင် ၅ ရင်းသာ ကျန်ရှိပြီး ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် တပ်စွဲထားသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစ၍ အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ယနေ့တိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ ရွာသား ၂ ထောင်ကျော် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ ကျောင်း ၁၅ ကျောင်းကိုလည်း ပိတ်ထားခဲ့ရသည်။

စစ်အစိုးရနှင့် SSA-N တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ ၃ သောင်းကျော် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်း စာနာသည့် အထောက်အပံ့များ လိုအပ်နေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့က ဗုဒ္ဓဟူးနေ့တွင် ပူးပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates