Friday, August 5, 2011

ကရင်ဒုက္ခသည် စခန်း ၂ခု ရေဘေးသင့်

 
ချင်းမိုင် (မဇ္ဈိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ်အနီးရှိ  ကရင် ဒုက္ခသည်စခန်း နှစ်ခုတွင် ဗုဒ္ဓဟူးနေ့ ညက ရေကြီးခြင်းကြောင့် အနည်းဆုံး လူနေတဲအိမ် ၄၀၀ ကျော် ပျက်စီးပြီး လူ ၂ထောင်ကျော် အိုးအိမ်မဲ့ ဖြစ်သွားသည်ဟု ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များ ကူညီ စောင့်ရှောက်နေသော အဖွဲ့တခုက ပြောသည်။

ထိုင်းနိုင်ငံ အနောက်ဘက် မယ်ဟောင်ဆောင် ခရိုင် မယ်ဆူရင်မြို့နယ်ရှိ မယ်ရာမူလမ် ဒုက္ခသည် စခန်းတွင် ရေတိုက်စားမှုကြောင့် လူနေအိမ် ၄၀၆ အိမ်၊ ဆန်သိုလှောင်ရုံ ၃ ရုံနှင့် ဆန်အိတ် ၃၀၀၀ ကျော် ဆုံးရှုံးပြီး တံတား ၁၁ စင်း ပျက်စီးခဲ့ကာ လူနှစ်ထောင်ကျော်လည်း  အိုးအိမ်မဲ့ ဖြစ်နေရကြောင်း TBBC က ပြောသည်။

“ကျမတို့  ဖြစ်ပျက်သမျှ သတင်းအပြည့်အစုံ မရသေးဘူး။ အဲဒီဒုက္ခသည်စခန်းက ထွက်လာမယ့် ကျမတို့လူကို စောင့်နေတုန်းပဲ” ဟု TBBC ၏ ပြောရေးဆိုခွင့် ရှိသူ မစ္စ ဆယ်လီ သော်မဆင် Sally Thompson က မဇ္ဇျိမကို ပြောသည်။

“လူအာလုံးက အန္တရာယ် ကင်းကြပါတယ်။ ထိခိုက် သေဆုံးမူ တစ်ယောက်မှ မရှိကြပါဘူး”  ဟု သူမက ဆက်ပြောသည်။

ဗုဒ္ဓဟူးနေ့ည ရေကြီးခြင်းကြောင့် ဒုက္ခသည် ၈ သောင်းရှိ မယ်ရာမူလမ် စခန်းအပြင် အနီးနားက ဒုက္ခသည် ၆ သောင်းရှိ မယ်လအူး ကရင်ဒုက္ခသည် စခန်းတွင်လည်း ပျက်စီးမှု အများအပြားရှိမည်ဟု Sally Thompson က ပြောသည်။  သို့သော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် အခြေအနေ အပြည့်အစုံကို မသိရသေးကြောင်း ဖြည့်စွက်ပြောသည်။

အိုးအိမ်မဲ့နေသည့် ဒုက္ခသည်များအတွက် အခြားသိုလှောင်ရုံများမှ ဆန်များကို ဝေငှပေးနေပြီး ယာယီ နေထိုင်နိုင်ရန် အတွက် အမိုးအကာများကို ထပ်မံ ပေးပို့လိမ့်မည်ဟု TBBC က ပြောသည်။

လိုအပ်သည့် အစားအစာများကို ယခုသီတင်းပတ်အတွင်း ဖြည့်ဆီးပေးနိုင်လိမ့်မည်ဟု TBBC က ခန့်မှန်းထားပြီး အဝတ်အထည်များနှင့် အိမ်ဆောက် ပစ္စည်းများကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည် မဟုတ်သေးကြောင်း ပြောသည်။

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ထဟင်စခန်း၊ ကန်ချနဘူရီ ခရိုင်တွင် ဘန့်ဒုံယမ်းစခန်း၊ တက်ခ်ခရိုင်တွင် အုန်းဖြန်၊ မယ်လ၊ နို့ဖိုးစခန်းနှင့် မယ်ဟောင်ဆောင် ခရိုင်တွင် ဘန်မိုင်နိုင်ဆွိုင်၊ ဘန့်မယ့်ဆူရင်း၊ မယ်လအူး၊ မယ်ရာမူလမ်စခန်း စသဖြင့် ခရိုင်၎ခုတွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။

ထို့အပြင် ထိုင်းနိုင်ငံ အတွင်းပိုင်း ချင်းမိုင်ခရိုင်ရှိ ရှမ်းဒုက္ခသည် စခန်း ဝေဟန်ကိုပါ ထည့်တွက်လျှင်၂၀၁၁ ခုနှစ် မတ်လကုန်အထိ လူဦးရေ ၁၄၃,၀၉၇ ဦး ရှိပြီး UNHCR အသိအမှတ်ပြု ဦးရေမှာ ၉၃,၃၂၆ ဦး ဖြစ်ကြောင်း TBBC မှတ်တမ်းအရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates