Friday, August 5, 2011

ကြံ့ဖွံ့ ပါတီဝင်အချို့ကို ဆုချီးမြှင့်ဟု ဦးဌေးဦးပြော


မဇ္ဈိမသတင်းဌာန ။      ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီဝင်အချို့ကို ဆုချီးမြှင့်သည့် အနေဖြင့် ငွေထောက်သည်ဟု သောကြာနေ့က ပြောကြားသွားသည်။

အာဏာရပါတီ၏ ပါတီဝင်များအနက် မြို့နယ်များမှသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခေါင်းဆောင်များကို လစာများပေးနေသည်ဆိုသော သတင်းထွက်ပေါ်လာပြီးနောက် သတင်းထောက်တဦး၏ အမေးကို ဦးဌေးဦးက ဖြေကြားရာတွင် “ လစာ မပေးနိုင်ပါဘူး၊ ပါတီဝင်တွေဆီကသာ ပါတီဝင်ကြေး ၁,၀၀၀ ကျပ်ကို ကောက်တာ ဖြစ်ပါတယ်။ တချို့ပါတီမှာ တကယ့်ကို အလုပ်၊ လုပ်နေရသူတွေကိုတော့ ချီးမြှင့်ငွေ အနေနဲ့ ပေးပါတယ်” ဟု ဖြေကြားသွားသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ ကြံ့ဖွံ့တာဝန်ခံများကို ချီးမြှင့်ငွေများ
တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများကို ချီးမြှင့်ငွေမှာ တလလျှင် ၃ သိန်း
တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရေးမှူး ၁ သိန်း ၂ သောင်း
တိုင်းဒေသကြီး/ ပြည်နယ် တွဲဖက် အတွင်းရေးမှူး ၁ သိန်း
တိုင်းဒေသကြီး/ ပြည်နယ် အလုပ်အမှုဆောင် ၈ သောင်း
တိုင်းဒေသကြီး/ ပြည်နယ်များမှ ခရိုင် အတွင်းရေးမှူး ၈ သောင်း
တိုင်းဒေသကြီး/ ပြည်နယ်ခရိုင် အလုပ်အမှုဆောင် ၇ သောင်း
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် အတွင်းရေးမှူး ၇ သောင်း
တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် အလုပ်အမှုဆောင် ၆ သောင်း
တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်ခွဲ အလုပ်အမှုဆောင်များ ၅ သောင်း
ချီးမြှင့်ငွေ မည်မျှပေးသည် ဆိုခြင်းကိုမူ ဦးဌေးဦးက
ပြောမသွား သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်
တဦး အဆိုအရ တလလျှင် ကျပ်ငါးသောင်းမှသည် ကျပ်သုံးသိန်းနှုန်းဖြင့် ပါတီဝင်များ၏ အဆင့်ပေါ်
မူတည်ပြီး ဇူလိုင်လမှစ၍ ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သောကြာနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI (ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်)ရုံးတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ တာဝန်ရှိသူများနှင့် ကြံ့ဖွံ့ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့တွေ့ဆုံကာ လယ်သမားများနှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြခဲ့ပြီးနောက် မီဒီယာများကို သီးသန့်တွေ့ဆုံပြီး ပြောကြားခြင်းဖြစ်သည်။

ဧရာဝတီ သတင်းတရပ်တွင် ကြံ့ဖွံ့ပါတီဝင် အလုပ်
အမှုဆောင်များကို လစာပေးရန်အတွက် အစိုးရ၏
ကြံ့ဖွံ့ပါတီက ထိုင်းနိုင်ငံ ဘက်မှ မော်တော်ယဉ်အစီး
ငါးထောင် တင်သွင်းခွင့် ရထားသည်ဟု ပါရှိသည်။

ပါတီ ရန်ပုံငွေအတွက် ကားတင်သွင်း နေပါသလား ဆိုသော အမေးကို ဦးဌေးဦးက ငြင်းဆိုသည်။

“ဇိမ်ခံကားတွေမသွင်းပါ၊ သူများပါတီတွေ ရလားလို့ မေးကြည့်ပါ၊ သူများ သွင်းခွင့်ရမှ ရမှာပေါ့။ ကျနော်တို့က အခု ပါတီစုံ ဖြစ်နေတယ်လေ။ တပါတီစနစ် ဆိုရင် တမျိုးပေါ့၊ ဒါကြောင့် ကားသွင်းခွင့် ရတယ်ဆိုတာ သတင်းအမှား
 ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း ပါတီ ရပ်တည်မှုအဖြစ် တရားဝင်သော စီးပွားရေး လုပ်ငန်းများဖြင့် ရပ်တည်နေကြောင်း ဝန်ခံ ပြောကြားသည်။ စီးပွားရေးလုပ်ငန်း အမျိုးအစားကိုမူ ဖြေမသွားခဲ့ပေ။

usda-usdpဦးဌေးဦးက ကြံ့ဖွံ့ကားသွင်းမှု ငြင်းဆိုသော်လည်း ထိုင်း-မြန်မာ နယ်စပ်မှ တဆင့် မြန်မာနိုင်ငံ ဘက်သို့ ဂျပန်လုပ် တပတ်ရစ် ဗင်ကားများ အပါအဝင် ကားဝင်မှုများ တိုးလာနေသည်ဟု မြဝတီမြို့ နေသူများက ပြောသည်။

ထို့အပြင် နေပြည်တော်တွင် ကီလိုမီတာ ၅ဝ အရှည်ရှိ
မြေအောက်ရထား ဆက်သွယ် ဆောက်လုပ်ရေး အတွက် ရုရှားက တင်ဒါရသွားသည် ဆိုသော ရုရှားမှ Voice of Russia ၏ သတင်းကို မဟုတ်မှန်ကြောင်း ဦးဌေးဦးက ငြင်းဆိုပြန်သည်။

ရုရှား ကျွမ်းကျင်သူများက စာရင်းကောက်ယူ တိုင်းထွာခြင်းနှင့် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ်နေကြောင်း စီမံကိန်း၏ အမည်မဖော်သော ဗိသုကာချုပ်ကို ကိုးကား၍ သတင်းတွင် ရေးသားထားသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းတရပ်တွင် နေပြည်တော်က စီမံထားခဲ့သော မြေအောက် ရထားလမ်းကြောင်းပါ လျို့ဝှက် ပေါက်ကြားခဲ့သော နေပြည်တော် စစ်ဘက်စီမံကိန်း မြေပုံကိုပါ ဖော်ပြထားသည်။

အဆိုပါ မြေအောက်ရထားလမ်းမှာ စစ်ဘက် မြေအောက်ဌာနချုပ်နှင့် နီးစပ်စွာ တည်ရှိသည် ဟုလည်း ပါရှိသည်။

နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ မြေအောက်ရထား စီမံကိန်းလုပ်ဖို့ မရှိပါဟု ငြင်းဆိုသည်။ သို့သော်လည်း စစ်ဘက် စီမံကိန်း ဖြစ်ပါက မသိနိုင်ပါဟုလည်း ဝန်ခံသည်။

ရခိုင်ပြည်နယ်တွင် အတွင်ကျယ်ဆုံးနှင့် အသုံးပြုမှု အများဆုံးဖြစ်သော ရေကြောင်း ပို့ဆောင် သယ်ယူရေးလမ်းကို ကြံ့ဖွံ့ပါတီမှ လွှဲပြောင်း လုပ်ကိုင်မည်ဆိုသော သတင်းထွက်စဉ် ကလည်း ဦးဌေးဦးက ငြင်းခဲ့သေးသည်။

စီးပွားရေး လုပ်ငန်းများရှိပြီး ဓနအင်အား တောင့်တင်းသော ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင်ပင် ကျပ်သိန်းပေါင်း တသောင်း ထုတ်ချေးထားပြီး ဖြစ်သည်ဟု ဇူလိုင်လ တတိယပတ်အတွင်းက ပါတီ၏ရန်ကုန် တာဝန်ခံ ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates