Wednesday, August 10, 2011

ကချင် အာဇာနည်နေ့ ကျင်းပ

ဖနိဒါ| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ တော်လှန်ရေးများအတွင်း ကျဆုံးခဲ့သော ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ KIO
ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ကချင် အာဇာနည်
နေ့ အခမ်းအနားကို လိုင်ဇာမြို့ ဌာနချုပ်တွင် ကျင်းပကြသည်။

ကေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း အပါအဝင် ခေါင်းဆောင် ၃ ဦး လုပ်ကြံခံခဲ့ရသည့် နေ့ကို အစွဲပြု၍ တော်လှန်
ရေး တိုက်ပွဲတွင် ကျဆုံးသွားသော သူငယ်ကောင်းများကို ရည်စူးကာ ကချင်ဘာသာဖြင့် “Share shagan Nhtoi”
ဟု ခေါ်ဆိုသည့် နှစ်စဉ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် သက်ဆိုင်ရာ ဌာနအလိုက်၊ တပ်မဟာ အသီးသီးတွင် နံနက် ၁ဝ နာရီ ချိန်တွင် အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုကြပြီး ကေအိုင်အို တော်လှန်ရေး ခေါင်းဆောင်များ၏ လုပ်ဆောင်ချက် သမိုင်းကို ကေအိုင်အိုက ရှင်းလင်း ဟောပြော ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကချင်တိုင်းရင်းသားများက ကချင်အာဇာနည်နေ့ကို ကျင်းပကြသည် (ဓာတ်ပုံ- မဇ္ဈိမ)

“ကျနော်တို့ ပြည်နယ် အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် အသက်စွန့်ပြီးတော့
ပေးဆပ်ခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ကို ရည်စူးပြီးတော့ ဒီ share shagan nhtoi
ကို သတ်မှတ်တယ်။  ဒီနေ့ကို ဘာကြောင့် သတ်မှတ်ရတယ်၊ ဒီနေ့ကို ဘယ်လို ဂုဏ်ပြုရမယ် ဆိုတာကို ပြောပါ
တယ်” ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ယနေ့ လိုင်ဇာမြို့ မနောကွင်း ခန်းမတွင် ကျောင်းသူကျောင်းသားများ၊ လိုင်ဇာ ပြည်သူလူထုများ ထောင်ချီ တက်ရောက်ခဲ့သလို၊ စစ်ပြေး ဒုက္ခသည် စခန်းတွင်လည်း အဆိုပါ ကချင် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့သည်ဟု သိရသည်။

ယနေ့တွင် ကေအိုင်အို၏ အမျိုးသားအလံကို တဝက်သာ လွင့်ထူထားပြီး ဌာနဆိုင်ရာ အသီးသီးက ရုံးပိတ်ရက်
အဖြစ် သတ်မှတ်ထားသော်လည်း  ရှေ့တန်း ရောက်နေသော တပ်ဖွဲ့များကမူ တာဝန် ရပ်ဆိုင်းခြင်း မရှိဟု ဦးလနန်က ပြောသည်။

KIO ၏ တော်လှန်းရေး ရည်မှန်းချက်များအတွက် ရဲဘော်ရဲဘက်များ နေ့စဉ်နှင့် အမျှ အသက်ပေးလှူမှု ရှိခဲ့သော်
လည်း ၁၉၇၅ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း ကျဆုံးခဲ့သည့် နေ့ကို အစွဲပြု၍ ၂ဝဝ၄ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့မှ စတင်ကာ နေ့ အတိအကျ သတ်မှတ်ခဲ့သည်ဟု ဦးလနန်က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကချင်တိုင်းရင်းသားများက ကချင်အာဇာနည်နေ့ကို ကျင်းပကြသည် (ဓာတ်ပုံ- မဇ္ဈိမ)

“တိုက်ပွဲကာလမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ နေ့စဉ်နဲ့ အမျှရှိတယ်။ ကျနော်တို့ ခေါင်းဆောင်တွေရယ်၊  ဒီသြဂုတ်လထဲမှာပဲ တာဝန် ထမ်းဆောင်ရင်းနဲ့ အသက် ပေးလှူသွားတာရှိတယ်။ နောက်ဥက္ကဋ္ဌ ခေါင်းဆောင် တဦး
ဖြစ်တဲ့ ဥက္ကဋ္ဌ ဘရန်ဆိုင်း ကလည်း သြဂုတ်လ ၈ ရက်နေ့မှာ တာဝန် ထမ်းဆောင်ရင်း သေဆုံးခဲ့တယ်။ ဒါကြောင့်
ကေအိုင်အို ဦးစီးဦးဆောင် ပြုခဲ့တဲ့ ခေါင်းဆောင်တွေ တော်တ်ာများများဟာ ဒီသြဂုတ်လမှာ တာဝန် ထမ်းဆောင်ရင်း
သေဆုံးခဲ့လို့ သူတို့တွေအားလုံးကို ရည်စူးပြီးတော့ သြဂုတ်လ ၁ဝရက်နေ့ကို ရွေးဖြစ်တယ်”ဟု သူက မဇ္စျိမကို
ပြောသည်။

ယခင်က KIO ခေါင်းဆောင်များ ကျဆုံးသည့် နေ့များကို နေ့ရက် မသတ်မှတ်ခဲ့သော်လည်း ခေါင်းဆောင်များ ကျဆုံးခဲ့သော နေ့ကို အစည်းအဝေး ကျင်းပကာ သတိရ ဂုဏ်ပြုခဲ့လေ့ ရှိသည်မှာ နှစ်ပေါင်း ၃၆ နှစ်မြောက်ပြီ
ဖြစ်သည်။

၁၉၇၅ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် ပထမဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ် လထော်ဇော်ဆိုင်း(Lahtaw Zau Seng)နှင့်
အတူ ဒုဦးစီးချုပ် ဗိုလ်ချုပ် လထော် ဇော်တူး (lahtawZau Tu)နှင့် အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ဖုန်ရွှေ ဇော်ဆိုင်း (Pungshwe ZauSeng) တို့ မြန်မာအစိုးရက စေလွှတ်ထားသူ တစုက  ထိုင်း-မြန်မာနယ်စပ်
(Thang Ngawk) တောင်တနေရာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိနေရးအတွက်
တော်လှန်ရေး စတင်ခဲ့သော ကချင်ကျောင်းသား ၇ ဦးထဲမှ ၃ ဦး သေဆုံးခဲ့သည်။

ကချင်အာဇာနည်နေ့ကို ပြည်တွင်း ပြည်ပ နိုင်ငံအသီးသီးတွင်လည်း ကချင်လူထုများက အခမ်းအနားများ ပြုလုပ် ကျင်းပနေကြသည်။ ထိုင်းနိုင်ငံတွင်လည်း ချင်းမိုင် အခြေစိုက် Kachincenter အဖွဲ့က ဦးဆောင်၍ အထိမ်းအမှတ် အခမ်းအနား ကျင်းပကြသည်။

၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံတွင် လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
နှင့် ကချင်၊ ရှမ်း၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များ သွေးစည်းညီညွတ်ရေးကို အခြေခံ၍ လူမျိုးများ တန်းတူရေး အာမခံသည့် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

သို့သော်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရခဲ့သဖြင့် KIO က ၁၉၆၁ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates