Wednesday, August 10, 2011

ဆန်စပါး မူဝါဒအတွက် ဆွေးနွေးပွဲ လုပ်မည်

သဲသဲ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၆ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။        ။ ဆန်စပါး မူဝါဒ ဆွေးနွေးပွဲကို ပထမဆုံး အကြိမ်အဖြစ်  သြဂုတ်လအတွင်း ကျင်းပရန်ရှိခြင်းကြောင့် ဆန်စပါး ထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့် ပြဿနာများအပေါ် အကြံပြုစာတမ်း တင်သွင်းရန် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက စီစဉ်နေသည်။

နေပြည်တော် အစိုးရက ကျင်းပမည့် ဆွေးနွေးပွဲတွင် လက်ရှိ ကျင့်သုံးနေသည့် ဆန်စပါး မူဝါဒအပေါ်
ပြန်လည် သုံးသပ်မည်ဖြစ်သဖြင့်  စာတမ်းတင်သွင်းရန် စီစဉ်ခြင်းဖြစ်ပြီး စာတမ်းတင်သွင်းရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ  ဆန်စပါး ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စိုက်ပျိုး ထုတ်လုပ် သူများနှင့် ဆန်စပါး အထူးပြု ကုမ္ပဏီများ သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် ရန်ကုန်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  UMFCCI ၌ ကျင်းပခဲ့သည်။

“နိုင်ငံတော်က အမျိုးသားအဆင့် ဆန်စပါး မူဝါဒ ဆွေးနွေးပွဲကို ဒီလထဲမှာလုပ်ဖို့ရှိပါတယ်၊ ဆန်စပါး လုပ်ငန်းရှင်များ အသင်းက အစုအဖွဲ့တွေ ကြိုတင်ဆွေးနွေးပြီး စာတမ်း တင်သွင်းဖို့ လုပ်တာပါ” ဟု ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောသည်။

လက်ရှိ ကျင့်သုံးနေသည့် ပြည်တွင်း စားသုံးရန် ဖူလုံမှု ရရှိပြီးမှ ပြည်ပ တင်ပို့ခွင့်ပြုသည့် မူဝါဒအပေါ် ဆန်စပါး လုပ်ငန်းအသင်းက ဆက်လက် ထောက်ခံ (ဓါတ်ပုံ မဇ္ဈိမ)

လက်ရှိ ကျင့်သုံးနေသည့် ပြည်တွင်း စားသုံးရန် ဖူလုံမှု ရရှိပြီးမှ ပြည်ပ တင်ပို့ခွင့်ပြုသည့် မူဝါဒအပေါ် ဆက်လက်ထောက်ခံသွားမည်ဟု ဆန်စပါး လုပ်ငန်းအသင်းက ဆိုသည်။ အဖွဲ့ ၄ ခုမှ  တင်ပြချက်များကို စုစည်းထားသည့် အကြံပြုစာတမ်းမှာ ပြင်ဆင်နေဆဲဟု သိရသည်။

၂ရက်တာ ကျင်းပသည့် အစည်းအဝေးတွင်   လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် အာမခံရှိရေး၊ လယ်ယာလုပ်ပိုင်ခွင့် ဆုံးရှုံးသူများ ကာကွယ်ပေးရေးနှင့် မိုးလေဝသသတင်းနှင့် စိုက်ပျိုးနည်း အသိပညာပေးမှုတွင် လိုအပ်ချက်များရှိကြောင်း စိုက်ပျိုး ထုတ်လုပ်သူများက တင်ပြ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“လယ်သမားတွေကို ငွေချည်းပဲ ပံ့ပိုးပေးတာက အနှစ်သာရ မရှိဘူးလို့ သုံးသပ်ကြတယ်။ ဘာတွေ ထပ်ပေးဖို့ လိုသေးသလဲ၊ နိုင်ငံတော်က ဘယ်လိုတွေ ဆောင်ရွက်ပေးသင့်သလဲ၊ အားနည်းချက်၊ အားသာချက်တွေ ဆွေးနွေးကြတယ်” ဟု  အစည်းအဝေး တက်ရောက်ခဲ့သူ ဆန်စပါးလုပ်ငန်း အဖွဲ့ဝင်တဦးက ပြောသည်။

လယ်သမားကို ချေးငွေနှင့် ဓါတ်မြေသြဇာ ဖြန့်ဖြူးပေးရာတွင်  ဆန်စပါး ထုတ်လုပ်သည့် ကုမ္ပဏီများက ထိရောက်စွာ ဆောင်ရွက်မှု မရှိဟု သူက ဆက်ပြောသည်။

ထို့ပြင် စပါးဈေး ကျဆင်းခြင်းကြောင့် လယ်သမားများ နစ်နာမှု မရှိစေရန် ဆန်လုပ်ငန်း ကုမ္ပဏီများက အနိမ့်ဆုံးဈေးကို တင်း ၁၀၀ လျှင် ကျပ် ၃သိန်းနှုန်းဖြင့် အာမခံပေးရေးနှင့် ပြည်ပ ဆန်တင်ပို့ခွင့်ကို  ဆန်စပါး အထူးပြု ကုမ္ပဏီများကို ဦးစားပေးရန်တို့ ပါဝင်သည်။ စပါး စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါး အထူးပြု အဖွဲ့ဝင် ကုမ္ပဏီ ၃၆ ခုရှိသည်။

“တောင်သူတွေက လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းရှိနေတော့ ဆက်နွယ်နေတာက သူတို့ကို အကူအညီပေးတာက တဘက်ကလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့လည်း ဆိုင်နေတာပေါ့” ဟု ဦးစိန်ဝင်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကို ၂ဝ၁ဝ ဇန်နဝါရီတွင် စတင်ဖွဲ့စည်းကာ UMFCCI အသင်းဝင်ခဲ့သည်။ ထိုအသင်းကို ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ ဆန်ကုန်သည်များ အသင်းနှင့် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်းတို့ဖြင့် အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီးနောက် စီးပွားရေးနှင့်ကူးသန်းရေး ဝန်ကြီးဌာနမှ ကိုင်တွယ်သည့် ပြည်ပ ဆန်တင်ပို့ခွင့်ကို ဆန်စပါး လုပ်ငန်း အသင်းသို့  စီမံခွင့် ပြုခဲ့သည်။ အသင်းဥက္ကဋ္ဌမှာ စစ်အစိုးရနှင့် နီးစပ်သည့် ဧဒင် စီးပွားရေးလုပ်ငန်းစု ပိုင်ရှင် ဦးချစ်ခိုင် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates