Friday, July 1, 2011

ကချင်ပြည်နယ် စစ်ရပ်ဆိုင်းရန် ပါတီ ၂ ခု ပြောဆို

ထွန်းထွန်း| သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရပ်တပ်များအကြား ဖြစ်ပေါ်နေသည့် စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် လွှတ်တော်တက်ပါတီနှစ်ခုက ပြောဆိုလိုက်သည်။

KIO နှင့် အစိုးရတပ်များအကြား ဇွန်လ ၉  ရက်နေ့က တိုက်ပွဲများ စတင်ဖြစ်ပေါ်လာခဲ့ရာမှ ၂၃ ရက် အကြာ၌ မျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF  နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည တို့က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိကကတော့ ပြဿနာတခုကို ရှင်းတဲ့နေရာမှာ အခြေခံရင်းမြစ်ကို မရှင်းဘဲနဲ့ ပတ်ပတ်လည်က လိုက်ရှင်းလို့ ရှိရင် ပြဿနာတခုက ပြေလည်ဖို့အကြောင်း မရှိပါဘူး။ အဲဒီတော့ ကျနော်တို့ ဖြစ်စေချင်တာကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရောက်စေချင်တယ်ဆိုရင်တော့ စစ်ပွဲတွေကို ရပ်လိုက်ပါ” ဟု  NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

တစည ပြောခွင့်ရ ဦးဟန်ရွှေကလည်း “အပစ်အရပ် ရပ်စဲရေးဆိုတာကို ကျနော်တို့က အများကြီး ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ ဒါပေမဲ့ အခုပြန်ဖြစ်သွားတဲ့ အခါကျတော့ အဓိက ကတော့ အဖွဲ့အစည်းဆိုတာထက် ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ ထိခိုက်နစ်နာကြတယ်။ ဒီဟာကိုတော့ မလိုလားပါဘူး။ ဒီတော့ တတ်နိုင်သမျှ ပြေပြေလည်လည် ရှိဖို့ လိုတယ်” ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အထူးအစည်းအဝေးအား ကြာသပတေးနေ့တွင် ကျင်းပစဉ် ကြံ့ခိုင်ရေးပါတီ ထီးချိုင့်မြို့နယ်အမတ် ဦးစန်းမောင်က “ကချင်ပြည်နယ်အခြေစိုက် KIA အဖွဲ့၏ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း” တို့အပေါ် ကန့်ကွက်သည့်အဆို တင်သွင်းခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ပါရှိလာခဲ့သည်။

KIA တပ်များက ကချင်ပြည်နယ် မလိခမမြစ် အရှေ့ဘက်ကမ်း လာဆာ ရေအားလျှပ်စစ်စီမံကိန်းရှိ တရုတ်လူမျိုး ဝန်ထမ်းများအား အနောက်ဘက်ကမ်းသို့ ၂ ရက်အတွင်း ပြောင်းရွှေ့ရန်နှင့် အရှေ့ဘက်ကမ်းတွင် စခန်းတိုးချဲ့နေမှုကို အမြန်ရုပ်သိမ်းရန် မေလ ၅ ရက်နေ့က ခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရအာဘော်သတင်းစာတွင် စွပ်စွဲပြီးနောက် လွှတ်တော်တွင်း၌ KIA အား ကန့်ကွက်သည့်အဆို ပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်သည့်အပေါ် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး  မည်သည့် လွှတ်တော်များအတွင်းမဆို တဖက်ဖက်အား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေမည့်အစား စစ်ရပ်ဆိုင်းရေးကိုသာ အဓိကဦးတည်ကြစေလိုကြောင်း NDF နှင့် တစည က ရှုမြင်သည်။

 “ဒီလို တဖွဲ့တသင်း၊ တဦးတယောက်ကနေ ပြောတဲ့ စကားတခုတည်းနဲ့ကတော့လည်း သိပ်အရာမရောက်ပါဘူး။ အဓိကက ဟိုမှာဖြစ်နေတဲ့ဟာကို ကျနော်တို့က ဒီက ပြောနေရုံနဲ့လည်း ဖြစ်နေတဲ့ဥစ္စာက လျော့သွားမှာ၊ တိုးလာမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တာကတော့ ဟိုဘက်ပဲ စတိုက်တိုက်၊ ဒီဘက်ကပဲ စတိုက်တိုက် တိုက်တာကတော့ မလိုလားဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ဦးဟန်ရွှေကလည်း “သူလွန်တယ်၊ ကိုယ်လွန်တယ် ဆိုတာထက် ဘုံရပ်တည်ချက်ပေါ်မှာ လုပ်ကိုင်ဆောင်ရွက် သွားဖို့ဆိုတဲ့ဟာကို ပြောရမယ့်သဘော ရှိတယ်။ တိုင်းရင်းသားတွေကြားထဲမှာ မကျေမလည်ဖြစ်ကြတဲ့ အခြေအနေ အရပ်ရပ်တွေကို အားလုံး ကျေကျေလည်လည် ဖြစ်အောင် ဘုံရပ်တည်ချက်ဖြစ်တဲ့ အေးချမ်းသာယာရေး၊ တည်ငြိမ်အေးချမ်းရေး၊ နောက်တခါ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဘုံရပ်တည်ချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ကြဖို့ကတော့ ကျနော်တို့ ရပ်တည်ချက်ပါပဲ” ဟု ဆိုသည်။
   
ဦးစန်းမောင်၏ ကန့်ကွက်လွှာတွင် “ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်သားများအား KIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်း” များ ရှိသည်ဟု ဆိုထားသည်။

လမ်းပန်း ဆက်သွယ်ရေးအတွက် အဓိကကျသည့် တံတား ၂၅ စင်းကို ဇွန်လ ၁၄-၁၆ ရက်အတွင်း ဖျက်ဆီးခဲ့သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ထိခိုက်နစ်နာကြောင်း အစိုးရက စွပ်စွဲထားကာ၊ တာပိန် ရေအားလျှပ်စစ်စက်ရုံနှင့် တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် တရုတ်နိုင်ငံသား ဝန်ထမ်း ၂၁၅ ဦး ပြန်သွားခဲ့ကြောင်းနှင့် ယင်းကြောင့် စက်ရုံပိတ်သိမ်းခဲ့ရပြီး နစ်နာမှုများ ရှိခဲ့ကြောင်း ဇွန် ၁၈ ရက်ထုတ် မြန်မာ့အလင်းစာ၌
 ဖော်ပြထားသေးသည်။

ဦးစန်းမောင်၏ ကန့်ကွက်လွှာကို ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌဖြစ်သူ စစ်ကိုင်းတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနိုထန်ကပ်က အစည်းအဝေးတွင် ထောက်ခံခဲ့သည်။ မည်သို့သောကြောင့် ထောက်ခံရသည်ကို အသေးစိတ် သိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း သူက “မအားသေး” ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

ဦးခင်မောင်ဆွေက “ဘယ်သူကပဲ ကန့်ကွက် ကန့်ကွက်၊ ဘယ်သူကပဲ ထောက်ခံ ထောက်ခံ ဒီဟာက သိပ်အရေး မကြီးတော့ပါဘူး။ အရေးကြီးတာက စစ်ကို ဘယ်လိုရပ်မလဲ။ စစ်ကို ရပ်ပြီးတော့ကာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းအောင် လုပ်မလဲဆိုတဲ့အထိ သွားနိုင်ဖို့သာလျှင် လိုလားပါတယ်” ဟု ပြောသည်။  

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်များအကြား ဇွန် ၉ ရက်နေ့၌ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဇွန် ၂၇ ရက်အထိ ဖြစ်ပွားခဲ့ရာမှ ယခုအခါ ငြိမ်သက်နေသည်။

 “အစကောင်းမှ အနှောင်းသေချာမယ်ဆိုတာ ရှိတယ်။ လတ်တလော ဆေးမီးတိုနဲ့ မရဘူးဗျ။ ဖြစ်လာခဲ့တဲ့ဟာက သမိုင်းကြောင်းနဲ့ ချီပြီး ဖြစ်လာခဲ့တာ။ ဒီတော့ တခုကောင်း ဆေးမီးတိုနဲ့ မရဘူး။ အခြေခံအကြောင်းရင်းတွေကို ရှာပြီးတော့ အဲဒီအကြောင်းရင်းတွေ မဖြစ်ပေါ်စေနဲ့ပေါ့လေ။ အဲဒါတွေကို ရှာဖွေပြီးတော့ တည်ဆောက်သွားမှရမယ် ထင်ပါတယ်။ အချိန်ယူရမယ်။ ချက်ချင်းကြီး လုပ်လို့မရဘူး” ဟု ဦးဟန်ရွှေက ဆိုသည်။

သူက ဆက်ပြီး “များသောအားဖြင့်ကတော့ ကိုယ့်အချင်းချင်းတည်ဖို့။ ပြည်ပ ပယောဂကို အခြေခံပြီးတော့၊ ဖြစ်လာကြတဲ့အပေါ်မှာ တတ်နိုင်သမျှ ကျနော်တို့က ပြည်ပ ပယောဂ မပါဘဲနဲ့ မိသားစုချင်း၊ တိုင်းရင်းသား အချင်းချင်း ရှင်းရင်တော့ ရမယ်လို့ ထင်တယ်” ဟု ပြောသည်။ ပြည်ပ ပယောဂဆိုသည်မှာ မည်သည့်နိုင်ငံကို ညွှန်းဆိုကြောင်း
 ပြောဆိုခြင်း မပြုပါ။

ဦးဟန်ရွှေ ရှုမြင်သကဲ့သို့ပင် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အကြား စစ်ရပ်ရေး ဆွေးနွေးပွဲလုပ်ခဲ့ရာ ဤသည်မှာ ပဏာမတွေ့ဆုံမှုအဖြစ် KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

 “သူတို့ဘက်က တဖက်သတ် အပစ်ရပ်ဆိုင်းထားတယ်ဆိုတာကို ခိုင်မာမှု သက်သေရှိရမယ်။ အဲဒီအချက်တွေ လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့ဘက်က ရှေ့တန်းတွေ ရုပ်သိမ်းဖို့ ညွှန်ကြားမှာပါ။ အဲဒီ ညွှန်ကြားမှုပြီးရင် သူတို့ စစ်တပ်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်နဲ့ ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေးတခုကို လက်မှတ်ထိုးကြမယ်” ဟု သူက ဆိုသည်။

NDF ကလည်း အစိုးရအနေဖြင့် တိုက်ပွဲများ ခေတ္တရပ်ဆိုင်းနေပြီဖြစ်သော်လည်း လက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းမှုနှင့် ကတိကဝတ်များကို တရားဝင် အသိအမှတ်ပြုဖြစ်အောင် ပြုလုပ်ရန် လိုအပ်နေပြီး စစ်တိုက်နေခြင်းမှာ အဖြေမဟုတ်ဟု ဆိုသည်။

 “ပင်လုံသဘောထားတွေကို ထင်ဟပ်ပြီးတော့ကာ နှစ်ဖက်ကတိကဝတ်တွေကို ချမှတ်ပြီးတော့ စာရွက်ပေါ်မှာ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လက်မှတ်ထိုးပြီးတော့ သဘောတူညီချက်တွေ မရဘဲနဲ့တော့ဖြင့် ဒီကိစ္စတွေကို ဆက်တိုက်လို့ မသင့်တော်ပါဘူး။ တိုက်ခြင်းဟာလည်း အဖြေမဟုတ်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ယခုကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ပါတီအနေဖြင့် တင်ပြသွားမည်ဟု ဆိုသည်။

KIO ကလည်း တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ပင်လုံ သဘောတူညီချက် အတိုင်း ဆောင်ရွက်နိုင်ပါက လက်နက်ကိုပင် စွန့်လွှတ်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates