Saturday, July 2, 2011

ဥရုချောင်းရေလျှံ

ဆလိုင်း ဟံသာစန်း| စနေနေ့၊ ဇူလိုင်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၁၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မိုးရွာသွန်းပြီး ချောင်းရေလျှံသဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာ ၄ ရွာတွင် ရေကြီးနေသည်ဟု ဒေသခံများက ပြောသည်။

ဗုဒ္ဓဟူးနေ့မှစ၍ ဥရုချောင်း အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ကြာသပတေး မနက် ၈ နာရီခန့်တွင်
 ချောင်းရေများ လျှံတက်လာကာ ဖားကန့်မြို့ ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကတောင်၊ လုံးခင်း၊ ဆိပ်မူ၊ နန့်မဖြစ်၊ ဆိုင်းတောင်ရွာတို့ ရေကြီးမှုဒဏ်ခံရသည်။

“ကျနော့် အိမ်ကနှစ်ထပ်ရှိတာ အပေါ်ထပ်အောင် မြုပ်တယ်။ အလုပ်လုပ်တာတွေ အကုန်ရပ်ထားရတာပေါ့။ ပစ္စည်းလေးတွေ မြင့်တဲ့နေရာမှာ တင်ထားပြီး လူပဲ အလွတ်ရှောင်နေရတာ” ဟု နေအိမ်ရေနစ်မြုပ်နေသည့် ငှက်ပျောတော ရပ်ကွက်မှ စက်ချုပ်ဆိုင် ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့အထက်ပိုင်း လုံးခင်း၊ ဆိပ်မူ၊ နန့်မဖြစ် ရွာများနှင့် ဖားကန့်အောက်ဘက် ဆိုင်းတောင်ရွာတို့တွင်လည်း လူနေအိမ်များ ခေါင်မိုးမြုပ်သည်အထိ ရေနစ်မြုပ်နေကြောင်း ဖားကန့် ဒေသခံများက ပြောသည်။

ဖားကန့်အနီးတဝိုက်တွင် ယမန်နှစ် ဇူလိုင်လအတွင်း ချောင်းရေလျှံမှုကြောင့် နန့်မဖြစ်ရွာမှ နေအိမ်များ
 ရေထဲ မျောပါသည် အထိ ဖြစ်ခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ဖားကန့်မဲဆန္ဒနယ်၌ ဝင်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာက “ အခု ရေကြီးရတဲ့ ကိစ္စဟာ ကျောက်တူးခွင့်ပေးတဲ့ အစိုးရနဲ့ ကျောက်တူးတဲ့ ကုမ္ပဏီတွေကြောင့်ပါ” ဟု ပြောသည်။

ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာများကြောင့် ချောင်းတိမ်ကောရသလို စွန့်ပစ်မြေစာပုံများ ပြိုကျမှုကြောင့် ၂ဝ၁ဝ ဇူလိုင်လအတွင်း အနည်းဆုံး လူ ၃ဝ ခန့် သေဆုံးခဲ့ပြီး၊ ၂ဝဝ၈ ဇူလိုင်လကုန်ပိုင်းတွင် လူ ၂ဝ ခန့် သေဆုံးခဲ့ရသေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates