Friday, July 1, 2011

နယ်ခြားစောင့် အဟောင်း-အသစ် တိုက်ပွဲဖြစ်

ကိုဝိုင်း| သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ပြန်လည် ဖြစ်သွားသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများနှင့် အစိုးရတပ်များ ပါဝင် ပူးပေါင်းထားသည့် လက်ကျန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား ကရင်ပြည်နယ် လှိုင်းဘွဲနှင့် ဖိပွန်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်နေကြောင်း DKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူးစိုးနိုင် ဦးစီးသော နယ်ခြားစောင့်တပ် အမှတ် ၁ဝ၁၁ နှင့် အစိုးရတပ်မှ တပ်မ ၄၄၊ ၆၆ ၊ ၂၂ တို့ ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်ရင်းမှူး စောဘိဦးစီးသော DKBA များ ကြာသပတေးနေ့ညနေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ပြန်လည် ဖြစ်သွားသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများ (ဓါတ်ပုံ မဇ္ဈိမ)

တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဘက်မှ ဗိုလ်မှူးစိုးနိုင် ကျဆုံးသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း DKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။

ဇွန်လ ၂၉ ရက် ညကလည်း သံလွင်မြစ်အနောက်ဘက် ဖာပွန်မြို့နယ် ကမမောင်းရွာအနီး၌ အစိုးရတပ်များနှင့် ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။

“ သူပစ်ကိုယ်ပစ်လေ ဘယ်သူ့လက်နက်ထိတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု သူက ပြောသည်။

သောကြာနေ့တွင် တိုက်ပွဲများဆက်ဖြစ်သည်ဟု မကြားရသေးသော်လည်း နှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။

တိုက်ပွဲနေရာသည် သံလွင်အနောက်ခြမ်း သထုံ-ကမမောင်း-ဖာပွန် ကားလမ်း၊ အရှေ့ခြမ်း ဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA ၏ ဘားအံခရိုင် တပ်မဟာ ၇၊ ဖာပွန်ခရိုင် တပ်မဟာ ၅၊ သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေက ပြောပြသည်။

KNLA တပ်မဟာ ၅ နယ်မြေအတွင်း၌ အစိုးရနယ်မြေခံတပ်မ ၁ဝ၁ နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း ၁၁ ရင်း၊ တပ်မဟာ ၇ နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates