Friday, July 22, 2011

ကမ္ဘာ့ဈေးအတိုင်း မြန်မာ့ရွှေ တက်ခွင့်မပြု

သဲသဲ | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်သော်လည်း ၎င်းဈေးကွက်အလိုက် ပေါက်ဈေးဖွင့် ရောင်းဝယ်သည့် မြန်မာ့ရွှေဈေးမှာ အစိုးရ အမိန့်ကြောင့် လိုက်တက် မရကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြောသည်။

ဇူလိုင်လဆန်းတွင် ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ ၁၄၈ဝ သာရှိခဲ့ကာ၊ ၁၉ ရက်နေ့တွင် ၁၆ဝ၂ ဒေါ်လာသို့ စံချိန်တင် မြင့်တက်သွားခဲ့ရာ ၎င်းဈေးနောက်လိုက်ကာ
ရွှေဈေးမကစားရန် တားမြစ်ထားခြင်း ဖြစ်သည်။

အစိုးရအမိန့်ကြောင့် မြန်မာ့ရွှေဈေးသည် စံချိန်တင် မြင့်တက်နေသည့်
ကမ္ဘာ့ရွှေဈေးအတိုင်း လိုက်တက်မရကြောင်း ရွှေရောင်းဝယ်ရေး
အသိုင်းအဝိုင်းက ပြော
အခေါက်ရွှေ တကျပ်သား ကျပ် ၆၆၂၅ဝဝ ပေါက်ဈေးမှာ ကမ္ဘာ့
ရွှေပေါက်ဈေးထက် ကျပ်တသောင်းခန့် နိမ့်ကျနေကာ၊ ဈေးလိုက်တက်ခွင့်သာ ရှိပါက ၆ သိန်း ၈ သောင်း ခန့်အထိ ရှိနိုင်ကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းသည်။ ရွှေဈေးမတက်သော်လည်း အရောင်းအဝယ်မဖြစ်ဟု ဆိုသည်။

“ခါတိုင်းက ကမ္ဘာ့ဈေး တက်ရင် လိုက်တက်ကြတယ်။ ဒီတခါတော့ တက်လို့မရဘူး၊ ဈေးထိန်းဖို့
လေပတ်ကားလည်း ပိတ်ထားတယ်။ မြန်မာငွေဈေးမာတော့ အဝယ်လည်း မလိုက်ဘူး” ဟု ပန်းပဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ရွှေအရောင်းအဝယ် ဈေးကွက် လေပတ်ကား မပြုလုပ်ရန်နှင့် ဈေးမကစားရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းသို့ သက်ဆိုင်ရာက သတိပေးပြောကြားခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်၏ ပြောဆိုချက်ကို ကိုးကားကာ ဇူလိုင် ၂၁ ရက်ထုတ် 7day News ဂျာနယ်က ဖော်ပြခဲ့သည်။ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ၎င်းအသင်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

လေပတ်ကားဆိုသည်မှာ နေ့စဉ် ကမ္ဘာ့ရွှေဈေး အတက်အကျ အပေါ် မူတည်၍ ကြိုတင်ခန့်မှန်းချက်ဖြင့် ဈေး သတ်မှတ်ပြီး နှုတ်ဖြင့် ကြိုရောင်းကြိုဝယ် ပြုလုပ်ကာ အရှုံးအမြတ် ကစားသည့် အကြီးစား ရွှေရောင်းဝယ်မှု တခုဖြစ်သည်။

ဒေါ်လာလဲနှုန်း ကျဆင်းနေခြင်းကလည်း မြန်မာ့ ရွှေဈေး မတက်နိုင်သည့်
အကြောင်းရင်း တရပ် ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေ ဈေးနိမ့်နေသဖြင့်
နယ်စပ်မှ တဆင့် အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနိုင်ကြောင်း အမည်
မဖော်လိုသူ ရွှေလုပ်ငန်းရှင် အသင်းဝင် တဦးက သုံးသပ်
‘‘ကမ္ဘာ့ပေါက်ဈေးကို ကြည့်လိုက်တယ်ဗျာ။ ဥပမာ - ၆ သိန်း ပေါက်တယ်ဆိုပါတော့ တက်မယ့် အခြေအနေ မြင်ထားရင် ၆ သိန်း ၁ သောင်းနဲ့ တပိဿာ ကြိုဝယ် လိုက်တယ်။ လေနဲ့ ဝယ်ထားတာပေါ့။ ညနေ ၅ နာရီဆိုရင် ဈေးပိတ်ပြီ။ အဲဒီမှာ ၆ သိန်း ၃ သောင်း ဖြစ်သွားခဲ့ရင် မနက်ကျရင် အဲဒီနှုန်းနဲ့ ငွေချေ ပစ္စည်းအပ်တာပေါ့။
နေ့ချင်း ရှင်းပေးရတယ်။ မပေးနိုင်လို့ ထွက်ပြေးကြလို့ ပြဿနာတွေလည်း
ဖြစ်ကြတာပဲ’’ ဟု ရွှေဆိုင်ပိုင်ရှင်က ရှင်းပြသည်။

အပြန်အလှန် ယုံကြည်ရသည့် ရွှေလုပ်ငန်းရှင်များ သာမက စီးပွားရေး လုပ်ငန်းရှင်များလည်း
လေပတ်ကားရောင်းဝယ်ကြသည်ဟု ဆိုသည်။

ကမ္ဘာ့ဈေးကွက်နှင့် အတူ ထိုကဲ့သို့ ဈေးကစားကာ ပြည်တွင်းရွှေဈေး အတက်အကျ မဖြစ်စေရန် တားမြစ်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်အသင်းဝင် တဦးကလည်း ပြောသည်။

“လေပတ်ကား မပိတ်ရင် ဈေးဘယ်ငြိမ်မလဲ။ ကမ္ဘာ့ပေါက်ဈေး တက်နိုင်ရင် သူတို့က ဈေးကို ကြိုပြီး တင်ထား လိုက်တယ်။ အဲဒီအခါ ကျနော်တို့ အရောင်းအဝယ်မှာလည်း ပေါက်ဈေးက တက်သွားတယ်။ သူတို့က ပိဿာနဲ့ချီပြီး ကစားကြတာဆိုတော့ မနက်ပိုင်း ပစ္စည်းချေတဲ့ အချိန်ဆို အရောင်းအဝယ်လည်း ဖြစ်ကြတယ်” ဟု သူက ဆိုသည်။

သူက ဆက်ပြီး “ ဈေးတက်တာက လေပတ်ကားတခုတည်းကြောင့် မဟုတ်ပါဘူး၊ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့လည်း ဆိုင်တယ်။ ကမ္ဘာ့ဈေးက ဆက်တက်နေရင် မတက်ဘို့ တားလို့မဖြစ်ဘူး၊ မတက်ရင် နယ်စပ်ကနေ ထုတ်ရောင်းကြမှာပေါ့" ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေးကို ဒေါ်လာလဲနှုန်းဖြင့် တွက်ချက်ကာ နေ့စဉ် ဈေးသတ်မှတ်ရောင်းဝယ်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ သောကြာနေ့တွင် ၁၅၈၈ ဒေါ်လာ ပေါက်ဈေး ရှိနေသည်။ အခေါက်ရွှေ ပေါက်ဈေးမှာမူ တကျပ်သားလျှင် ၆၆၄၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ၁၅ ပဲရည်မှာ ၆၆၃ဝဝဝ ဝန်းကျင် ရှိသည်။

အမေရိကန် တဒေါ်လာလဲနှုန်း ကျပ် ၈ဝဝ အောက် ကျဆင်းနေခြင်းကလည်း မြန်မာ့ရွှေဈေး မတက်နိုင်သည့် နောက်ထပ် အကြောင်းရင်းတရပ်ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေဈေး နိမ့်နေသဖြင့် နယ်စပ်မှတဆင့် အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနိုင်ကြောင်း သူက သုံးသပ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ အထွက်များသည်ဟု ဆိုသည်။

ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ သောကြာနေ့တွင် တဒေါ်လာလျှင် ၇၈၅ ကျပ်
ဈေးပေါက်နေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates