Saturday, July 16, 2011

တီးတိုးငွေကြေး အပိုင်း (၈)

စန္ဒီမေ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၉ မိနစ်

အိမ်ထောင်စုစာရင်း လာဘ်ထိုးရခြင်း

မဇ္ဈိမသတင်းဌာန ။        ။ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာမှာ စာရွက်စာတမ်းတွေ
ပြည့်စုံမှန်ကန်ရင် အလျင်အမြန် ပြုလုပ်နိုင်ပြီး၊ ငွေကြေးကုန်ကျမှု (လုံးဝ) မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အားဝန်ကြီး ဦးမောင်ဦးက ၁၆ ရက်နေ့မြောက် ပုံမှန်လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

လျှောက်ထားရင် အိမ်ထောင်ဦးစီး ကိုယ်တိုင် လာရမှာပါ။ လျှောက်လွှာ၊ နောက်ဆုံးနေခဲ့တဲ့ မြို့နယ်ကနေ ပြောင်းလာတဲ့ ပုံစံ ၁ဝ မူရင်း၊ နေထိုင်ကြောင်း သက်ဆိုင်ရာ ထောက်ခံချက်တွေ၊
ပြောင်းရွှေ့တဲ့ အိမ်ခန်း ဒါမှမဟုတ် အိမ်ပိုင်ဆိုင်မှု အထောက်အထား မူရင်းနဲ့ မိတ္တူ၊ တိုက်ခန်းအသစ်ဖြစ်ရင် စည်ပင်သာယာကနေ လူနေထိုင်မှု ခွင့်ပြုချက် မူရင်းနဲ့ မိတ္တူ၊ အိုးအိမ်ပိုင်ဆိုင်ခန်းဖြစ်ရင် အိုးအိမ်ဦးစီးဌာနရဲ့ လူနေထိုင်မှု ခွင့်ပြုချက် မူရင်းနဲ့ မိတ္တူ၊ အိမ်ငှား ဖြစ်ရင်တော့ အိမ်ထောင်စု နေထိုင်ခွင့်ကို အိမ်ပိုင်ရှင်ရဲ့ သဘောတူခွင့်ပြုချက် စတဲ့ အထောက်အထားတွေ လိုမယ်လို့ ဆိုခဲ့ပါတယ်။

လက်တွေ့မှာတော့ ဝန်ကြီးပြောသလို မဟုတ်ဘဲ တမျိုးတဘာသာ ဖြစ်နေတာကို မဇ္ဈိမက တွေ့ရှိရပါတယ်။ အခမဲ့မဟုတ်ဘဲ၊ ငွေပေးနေရတုန်းပါ။ ဒါကြောင့်လည်း အိမ်ထောင်စုစာရင်း မလုပ်နိုင်သေးသူတွေ ရှိနေပါတယ်။

ဆက်သွယ်ထားတဲ့အထဲက လူတချို့ရဲ့ ပြောဆိုချက်တွေကို ဖော်ပြလိုက်ပါတယ်။

ဦးထွန်းကျော် (သန်လျင်)

“ဦးလေးက အခု သန်လျင်မှာနေတယ်။ ၆ နှစ်လောက် ရှိပြီ။ သာကေတကနေ ပြောင်းလာတာပါ။ အိမ်ထောင် စကျကတည်းက မိဘနဲ့အတူ နေလာခဲ့တာ။ အခု မိခင်ကြီးဆုံးလို့ အမွေတွေဘာတွေ ခွဲကြပြီး ဒီမှာ လာငှားနေတာ။ အရင်က ပုံစံ ၁ဝ အိမ်ထောင်စုစာရင်းက အဲဒီသာကေတ အိမ်လိပ်စာနဲ့ပါ။ ဒီအတွက်တော့ အခုထိကို မရှိသေးပါဘူး။ အရင်က ရှိတယ်၊ အခု မရှိဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အဖြေက ရှင်းပါတယ်။ အရင်က ဦးမှတ်မိသလောက်ဆို အဲဒီသန်းခေါင်စာရင်းအတွက် ပိုက်ဆံမကုန်ခဲ့ပါဘူး။ အိမ်တိုင်ရာရောက် လာလုပ်ပေးကြတာ။ ပြီးတော့ သားသမီးတွေ မွေးလို့ မွေးစာရင်းထဲ ထည့်ဖို့ အခမဲ့ပဲ။ လမ်းထဲက အိမ်တအိမ်မှာ စုရပ်လုပ်ပြီး၊ ကိုယ့်ရဲ့ မူရင်းသန်းခေါင်စာရင်းမှာ လူတိုးလုပ်ပေးတယ်။
သေစာရင်းလည်း ဒီအတိုင်းပဲ’’

‘‘အခု အဲလိုမဟုတ်တော့ဘူး။ အိမ်ထောင်စုစာရင်း (သို့) သန်းခေါင်စာရင်း လုပ်ရင် အောက်ထစ် ၅ သောင်းလောက် ကုန်တယ်။ ဦးလေးတို့လို တနေ့လုပ် တနေ့စာရှာနေတဲ့ လက်လုပ်လက်စားက ဒီပိုက်ဆံကို ဘယ်လို စုမလဲ။ အခု အခမဲ့လုပ်ပေးမယ်လို့သာ ပြောနေတယ်။ ဘာမှ မထူးသေးဘူး။ တကယ်လုပ်ချင်တယ်ဆိုရင် အရင်တုန်းကလို ရပ်ကွက်တွေဆင်း၊ မရှိတဲ့သူတွေ စာရင်းကောက်၊
ခေါ်တွေ့ပြီး ပေးလိုက်ပါလား။ အခုချိန်ထိ ဦးလေးတို့ ယာယီ သန်းခေါင်စာရင်းနဲ့ပဲ နေနေရတယ်”

မချိုလွင်ခိုင်ဦး (တာမွေမြို့နယ်)

‘‘ကျမက အခု သမီးဦးလေး မွေးပြီးပါပြီ။ အဲဒါ မွေးစာရင်းနဲ့ အိမ်ထောင်စု စာရင်းထဲ လူတိုးထည့်ရပါတယ်။ အခမဲ့ ငွေပေးစရာ မလိုဘူးလို့ ဂျာနယ်တွေထဲ ပါတာ တွေ့တယ်လေ၊ ဖတ်ရတယ်။ ဒီတော့ မပေးဘူးပေါ့နော်။ ယောက်ျားကို သွားလုပ်ခိုင်းလိုက်တယ်။ နေ့ချင်းတော့ ပြီးလာပါတယ်။
ပြန်ရောက်တော့ ယောက်ျားက ကျပ်တသောင်းခွဲ ပေးခဲ့တာလို့ ပြောတယ်။ ‘တနေ့ထဲ အပြီးလုပ်ပေးလိုက်တာနော် .. မောင်လေး၊  လက်ဖက်ရည်ဖိုးလေး ဘာလေးပေးခဲ့ဦး’ လို့ သူ့ကို မေးတော့၊ သူကလည်း ဘယ်လောက်ပေးရမှာလဲ အမလို့ ပြောတော့ တသောင်း၊ တသောင်းခွဲဆို ရပါတယ်လို့
ပြန်ပြောတယ်တဲ့။ အဲဒါနဲ့ ကျမယောက်ျားက သိပ်စကားအများကြီး မပြောတတ်တဲ့ သူဆိုတော့
ပေးလိုက်တယ်တဲ့။ ‘ဒီလိုနေရာမှာ ဒါက အမြဲပေးနေကျပဲ၊ ပေးလိုက်ပါ မိန်းမရယ်လို့ ပြောသေးတယ်’။
ငွေကြေးကောက်ခံမှု မရှိတော့ပါဘူးလို့ ပြောနေရင်းကနေ ပေးရတာ’’

ဦးသန်းထူး (လှိုင်မြို့နယ်)

‘‘ပြီးခဲ့တဲ့ တပတ်လောက်က ကျနော့်ချွေးမကို ကျနော်တို့ အိမ်ထောင်စုလူဦးရေ စာရင်းထဲ ထည့်ပေးတာ၊ လူတိုးပေါ့ဗျာ။ ဘာမှ မပေးလိုက်ရဘူး။ ဘာလို့လဲဆိုတော့ ကျနော်က မြို့နယ် လဝက က  ပုဂ္ဂိုလ်နဲ့ လူရင်းတွေပဲဗျ’’
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates