Thursday, July 14, 2011

မန္တလေးတွင် ရှုမျှော်ခင်း ဟိုတယ်သစ်များ ဆောက်ရန်ကြံစည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မန္တလေးဟိုတယ် အများစုမှာ  လာတည်းအပန်းဖြေသည့် ဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ပတ်ဝန်းကျင် အခြေအနေမရှိသဖြင့် သွားလာရေး အဆင်ပြေပြီး သာယာလှပသည့် ပတ်ဝန်းကျင် ရှုမျှော်ခင်းများရှိသည့် နေရာ လေးခုရွေးချယ် သတ်မှတ်ကာ ဟိုတယ်ဇုန်အသစ်များ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁ဝ က ဧည့်သည် ဝင်ရောက်မှု ၂.၃ သိန်းရှိသည့် အတွက် မန္တလေးရှိ အခန်းအားလုံး
ပြည့်သွားခဲ့သည်။

နောက်နှစ်များတွင် ဧည့်သည်ငါးသိန်းခန့် ဝင်လာမည် မှန်းထားပြီး လက်ရှိဟိုတယ်များကို တိုးချဲ့ရန်မှာ မြေဈေးကြီး၍ မဖြစ်နိုင်ကြောင်း၊ ဟိုတယ် လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် နေအိမ်များတွင် အလျဉ်းသင့်သလို ဖွင့်လှစ်ထားသည့် ဟိုတယ်များ ဖြစ်သဖြင့်လည်း သာသနာ အဆောက် အအုံများကြားတွင် ရှိနေ၍ နေရာသစ်များ ရှာဖွေ တင်ပြထားသည်ဟု  ဟိုတယ်လုပ်ငန်း သတင်းရပ်ကွက်တခုက ပြောသည်။

မည်သည့်နေရာတွင် ဆောက်လုပ်ခွင့်ရမည်ကို သက် ဆိုင်ရာ အတည်ပြုချက် မရသေးကြောင်း၊
လောလောဆယ် ဆောက်ရန်လည်း အစီအစဉ်မရှိကြောင်း သူကဆိုသည်။

ဟိုတယ်ဇုန်အသစ်တည် ဆောက်ရန် လျာထားသောနေရာလေးခုမှာ နယ်မြေ (၁) တွင် ဧရာဝတီမြစ်ရိုးတလျှောက် ကျွဲစွန်းမှ စစ်ကိုင်းတံတားအထိ၊ နယ်မြေ(၂) တွင် တောင်သမန်အင်း
တောင်ဘက်တကြော၊ နယ်မြေ(၃)တွင် အင်းဝ ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီ မြစ်ဆုံဒေသ၊ နယ်မြေ(၄)တွင်
အောင်ပင်လယ် ရေတံခွန်တောင် သွားလမ်းတလျှောက် မြေနေရာများပါဝင်သည်။

ဟိုတယ်ဇုန် ဆောက်လုပ်မည့် မြေနေရာအသစ်များကို သဘာဝ ပတ်ဝန်းကျင် အလှအပရှုခင်း ရှုကွက်များ မြင်တွေ့နိုင်မည့် တောင်တန်းများ၊ ဧရာဝတီမြစ် ဒုဋ္ဌဝတီမြစ်နှင့် မြေနုကျွန်း၊ စေတီပုထိုးများနှင့် အင်းဝ ယဉ်ကျေးမှု နယ်မြေနှင့် နီးစပ်ရာနေရာများကို ရွေးချယ်ထားကြောင်း၊ ဟိုတယ်ဇုန်အသစ်တွင် ဟိုတယ် ၁၂၁ လုံး၊ အခန်းပေါင်း ၄၃၂၂ ခန်းပါမည် ဖြစ်ကြောင်းလည်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates