Tuesday, June 28, 2011

ကျောက်မျက်ကြောင့် ဟိုတယ်များ လူပြည့်ပြီ

ကိုဝိုင်း | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကျောက်မျက်အထူးရောင်းချပွဲကို ဇူလိုင်လထဲ ပြုလုပ်မည်ဖြစ်သဖြင့် တက်ရောက်မည့် ကုန်သည်များက ကြိုတင်ဘွတ်ကင် လုပ်ထားသောကြောင့် နေပြည်တော်ရှိ ဟိုတယ်များမှာ ထိုကာလတွင် အခန်းလွတ်ပင် မရှိတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

“ ဟိုတယ်က အခန်းတွေ ယူလို့ကို မရတော့ဘူး။ အကုန်အပြည့်ပဲ။ မူလက ဒေါ်လာ ၃ဝ လောက် ယူတာ၊ အခု ၁ဝဝ ပေးငှားလည်း မရတော့ဘူး။” ဟု ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျောက်မျက်ပြပွဲကို gemကျင်းပမည်ဖြစ်ရာ ရတနာကုန်သည် ပေါင်း ၆၇ဝဝ ဖိတ်ကြားထားသည့် အနက် ၅ဝဝဝ ခန့် လာရောက်မည်ဟု ပြပွဲ ကျင်းပသူများက ခန့်မှန်းထားကြသည်။ နေပြည်တော်တွင် လက်ရှိ ဟိုတယ်အခန်း ၃၀၀၀ ခန့်သာရှိသည်။

ကုန်သည်များ အင်္ဂါနေ့မှစ၍ ရောက်ရှိလာကြပြီး အချို့က လုံးချင်း အိမ်ယာများတွင် ငှားရမ်း နေထိုင်လေ့ရှိကြသလို အနီးနားရှိ မြို့များသို့ သွားရောက် တည်းခိုရသည်။ သမ္မတ ဦးသိန်းစိန်က
ကျောက်မျက်ပြပွဲ စီစဉ်ထားမှုနှင့် ခရီးသွားမြှင့်တင်ရေး
ပြခန်းများကိုလည်း ယနေ့တွင် စစ်ဆေးသည်။

မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ (Myanmar Tourism Board) က ဦးဆောင်ပြီး ဘုတ်အဖွဲ့ဝင် အသင်း ၁၁ ခုကလည်း ကျောက်ရောင်းပွဲကို မှီ၍ ခရီးသွားပြခန်းများ အပါအဝင် ပြခန်း ၁၁ ခုပြုလုပ်မှာ ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာပွဲတွင် သန်း ၂ဝဝဝ ခန့်သာ ရောင်းချခဲ့ရာမှ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသွားသည့် ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာရောင်းပွဲမှ အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ ခန့်ရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates