မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၁ မိနစ်
ဦးသိန်းစိန် အစိုးရလက်ထက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်လာမယ်လို့ မျှော်လင့်တာထက် တာဝန်သိစိတ်ရှိတဲ့ သတင်းမီဒီယာတွေအနေနဲ့ စိန်ခေါ်မှုအသစ်တွေ ပိုရင်ဆိုင်ဖို့
ပြင်ဆင်အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရင် မြန်မာ့လူ့ဘောင်အတွက် အကျိုးဖြစ်ထွန်းမှုရလဒ်ကို မြင်လာနိုင်မှာဖြစ်သလို မကျော်နိုင်ရင်တော့ ခေတ်ပျက်သံသရာကို ဆွဲကြာစေမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းမီဒီယာ၊ ပြည်ပမီဒီယာရယ်လို့ ခွဲခြားမှုမရှိဘဲ တာဝန်သိစိတ်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုသာ အလေးထား လုပ်ဆောင်ကြစေလိုပါတယ်။
ပုံစံပြောင်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရရဲ့ ဆင်ဆာလျှော့ချမှုကို များများစားစား
မျှော်လင့်တာလည်း လက်တွေ့ကျလှတာတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ရဲ့ မူဝါဒမိန့်ခွန်းမှာ
ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းဖို့ ပြောပေမယ့်လည်း အုပ်ချုပ်ရေး ယန္တရားတွင်းမှာ အရိုးစွဲလာခဲ့တဲ့ မီဒီယာကို ရန်သူလိုမြင်တာကို မချေဖျောက်နိုင်သရွေ့ မီဒီယာလွတ်လပ်ခွင့်ကတော့ အလှမ်းဝေးအုံးမှာ ဖြစ်ပါတယ်။
ဒီလိုကာလမှာ အာဏာပိုင်များနှင့် ပုလဲနံပသင့်အောင်လုပ်ပြီး ဆင်ဆာဘုတ်ကို အိတ်ထောင်ထဲထဲ့ကာ ဆိုးရွားလှတဲ့ ပိတ်ပင်မှုကို သက်သာအောင် လုပ်နိုင်တဲ့ မီဒီယာတွေဟာ အာဏာရှိသူတွေ သွားလိုတဲ့ နိုင်ငံရေးကို အကောင်အထည်ဖော်ရာမှာ ပါးနပ်လိမ္မာစွာ ဝါဒဖြန့်ချိပေးရာ စင်မြင့်တွေ
ဖြစ်နေပါတယ်။
ဒါ့အပြင် သိသိသာသာ ဖွံ့ထွားလာခြင်းမရှိလို့ ဈေးကွက်အရ မက်လုံး သိပ်မကောင်းလှပေမယ့်လည်း ပုလင်းတူဗူးဆို့ ငွေရှင်တွေ၊ မျိုးတော်ဟောင်း ဆွေတော်ဟောင်းတွေ ငွေထုတ်ပိုက်ပြီး သတင်းစာနယ်ဇင်း ထုတ်ဝေရေးထဲကို ဝင်လာနေကြတာလည်း တမူထူးကဲလှပါတယ်။
လစဉ်အရှုံးခံထုတ်နေတဲ့ သူတို့အတွက် မျှော်လင့်နိုင်တာကတော့ ပုံရိပ်အမဲကို ချေဖျက်စေနိုင်မယ့် ဝါဒဖြန့်ချရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရခြင်းနှင့် အစိုးရကပေးအပ်မယ့် ဆုလာဘ်တော် အခွင့်အလမ်းများ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပါအဝင် မူဝါဒလမ်းစဉ် ၇ ရပ်မှာတုံးက မူဝါဒလမ်းစဉ် ၇ ရပ်ကို ရေးသားထောက်ခံပြီး အများပြည်သူရဲ့ အာဏာရှင်အပေါ်အမြင်ကို ပြောင်းလဲလာအောင် ကြိုးစားခဲ့ကြသလို ဦးသိန်းစိန်အစိုးရရယ်လို့ ပေါ်လာပြန်တော့လည်း ဘာမှ မယ်မယ်ရရ
ပြုပြင်ပြောင်းလဲတာတွေ မဖြစ်လာပေမယ့် စိတ်ရှည်သည်းခံဖို့၊ အချိန်ပေးစောင့်ကြည့်ဖို့ အခါတော်ပေးနေတတ်ကြပြန်ပါတယ်။ အစိုးရကိုဝေဖန်ရင် မကောင်းမြင်တယ်ဆိုတာနဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖိတတ်ကြတတ်တဲ့ သတင်းစာနယ်ဇင်းလောကတခုကို ပေါ်ပေါက်လာပါစေတော့တယ်။
တချိန်တည်းမှာပဲ အစိုးရကိုယ်တိုင်က စတာလင်ခေတ် ခပ်တုံးတုံး ဝါဒဖြန့်ဟန်ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားပြီး နိုင်ငံရေးအရ သဘောထားကွဲသူတွေကို အသရေဖျက်နေချိန်မှာ သတင်းပေး လူမွေးလုပ်ခံရတဲ့သူတွေရဲ့ မိတ်ကပ်လိမ်းချက်ဟာလည်း အာဏာရအတွက် အားသာမှု ဖြစ်လာပါတယ်။
ဒါ့အပြင် နိုင်ငံရေးကို မယ်မယ်ရရ မပြောင်းလဲဘဲ စီးပွားရေး တိုးတက်ဖို့သာ အာရုံစိုက်မယ့် ယူနီဖောင်းချွတ် အစိုးရဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ အချို့အတွက် စိတ်ဝင်စားစရာလည်း ဖြစ်ကောင်း ဖြစ်မှာပါ။
နောက်ထပ်လည်း မီဒီယာသစ်တွေ မြန်မာနိုင်ငံမှာ တွေ့မြင်ကြဖွယ်ရှိပါတယ်။ မီဒီယာကုမ္ပဏီ ၃ဝ လောက် ပြင်ဆင်မှုတွေ လုပ်နေကြတယ်လို့ ဈေးကွက်သုတေသနတခုက ခန့်မှန်းထားပါတယ်။ ရုပ်သံလိုင်း ထုတ်လွှင့်မှု အသစ်တွေ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအသစ်တွေ၊ ဒစ်ဂျစ်တယ်လိုင်းသစ်တွေ ထပ်ဝင်ဖို့ တာစူနေကြပါတယ်။
ရသစာပေအား ကျဆင်းသွားပြီး စာအုပ်ဖတ်သူ ထိုးစိုက်ဆင်းသွားတဲ့၊ လူငယ်လူရွယ်တွေဟာ ရှင်သန်ရပ်တည်ဖို့ ပြေးနိုင်သမျှ ပြည်ပနိုင်ငံတွေကို အရောက်ပြေး အလုပ်လုပ်နေကြရတဲ့
ခေတ်သစ်မြန်မာ့လူဘောင်မှာ မီဒီယာအသံတွေကတော့ ဆူညံနေမှာပါ။ ငသိုင်းများပြီး ဟင်းဟုံမယ့်အနေအထားမှာ စာနယ်ဇင်းကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲမြဲဝတ်လိုတဲ့ စာနယ်ဇင်းသမားကောင်းတွေအနေနဲ့ မိမိသတင်းစကားကို ဆူညံနေတဲ့ အသံကြားထဲကနေ အရောက်ပို့နိုင်အောင် ထိုးထွင်းကြံဆဖို့မှုတွေလည်း လိုနေပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားသူတွေချင်း ပိုမိုပူးပေါင်းလုပ်ဆောင်မှုတွေ လိုကောင်း လိုပါလိမ့်မယ်။
အရေအတွက်များတာဟာ အဆိုးချည်းတော့လည်း မဟုတ်ပါဘူး။ ဆူညံနေတဲ့အသံတွေကြားမှာ မိမိအသံကိုပြောရတာ ပိုမိုလုံခြုံတတ်နေပြန်သလို ပရိသတ်ကိုလည်း ပိုမိုရင့်ကျက်မှု၊ ရွေးချယ်နိုင်ခွင့် အခွင့်အလမ်းတွေ ဖော်ဆောင်ရာလည်း ဖြစ်နိုင်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိရင်တော့ ဒီမိုကရေစီဟာ အတုအယောင် ဒီမိုကရေစီပဲ ဖြစ်ပါတယ်။