Monday, April 4, 2011

စိန်ခေါ်မှုများအောက်က အစိုးရသစ်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၂ မိနစ်

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို ကူးပြောင်းတာပါလို့ဆိုတဲ့ စစ်အုပ်စုရဲ့ အဆင့် ၇ ဆင့်မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းတာတော့ မတ်လ ၃၀ ရက်နေ့က ပြီးစီးသွားပါပြီ။

စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရ အပြောင်းမှာ ပြည်သူလူထုအတွက် ကောင်းတဲ့ရလဒ်တွေ ရလာမလားဆိုတာကတော့ အများဆုံး မေးခွန်းထုတ်ခံရတဲ့ မေးခွန်းပါပဲ။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ သူရဲ့ လူယုံတဦးဖြစ်တဲ့ ဦးသိန်းစိန်ကို အာဏာလွှဲသွားပြန်တာဖြစ်လို့ စစ်အုပ်စုပဲ အကျိုးဆက်ရှိနေမှာလို့ အများက တွက်ဆကြနေကြပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်အတွက် သမ္မတရာထူးဟာ ဧပြီ ၂ဝ မှာ ပြည့်မယ့် အသက် ၆၆ နှစ်ပြည့်မွေးနေ့အတွက် ပျော်စရာကောင်းတဲ့ မွေးနေ့လက်ဆောင်ချည်းပဲလို့တော့ ပြောလို့ မရပြန်ပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာကို မလွန်ဆန်နိုင်ဟု အများက ထင်ကြေးပေး

အစိုးရသစ်အတွက် စိန်ခေါ်မှုတွေက ဒုနဲ့ဒေးပါ။ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့လို့ အမွေကျန်နေခဲ့တဲ့
နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ နီးပါး အကျဉ်းထောင်တွေထဲမှာ ရှိနေသေးသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံတွေက ထင်ထင်ရှားရှား ရှိနေပါသေးတယ်။ ဒါ့အပြင် မြန်မာပြည် နယ်စပ်တနံတလျားက နယ်ခြားစောင့်တပ် မပြောင်းချင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကိစ္စ ဖြေရှင်းရဖို့ ရှိနေပြီး တိုင်းပြည် စီမံခန့်ခွဲမှု ယန္တရားကနေ လွတ်မြောက်နေခဲ့တဲ့ အခွင့်ထူးခံလုပ်ငန်းရှင်တွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို နှိမ်နင်းရေး၊ ဆင်းရဲမွဲတေမှု လျော့ပါးရေးတွေ ရှိနေပါတယ်။

ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကြား အာဏာခွဲဝေမှုအပေါ် ကွဲကွဲပြားပြား သိနားလည်သေးဟန် မရှိသလို စစ်တပ်အာဏာနှင့် အရပ်ဘက်အုပ်ချုပ်ရေး အာဏာတို့ကလဲ ရောထွေးနေဆဲပါ။

သမ္မတရဲ့ ပထမဆုံး မူဝါဒရေးရာ မိန့်ခွန်းအရဆိုရင် အစိုးရသစ်ဟာ တိုင်းပြည်လိုအပ်ချက်နဲ့ တလွဲတချော် ဖြစ်နေပါသေးတယ်။ အစစ်အမှန်မရှိတဲ့ ပြည်ပရန်က အစိုးရသစ်ကို ခြိမ်းခြောက်နေပြီး စစ်တပ်အင်အား တိုးချဲ့ဖို့ချည်း အာရုံစိုက်နေတာကြောင့် ဖြစ်ပါတယ်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လျာထားရာမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၁ ရာခိုင်နှုန်းကျော်ပဲ ရှိနေချိန်မှာ စစ်တပ်အသုံးစရိတ်ကျတော့ ၂၅ ရာခိုင်နှုန်းနီးပါး ပေးထားတာဟာဖြင့် စိတ်ပျက်စရာ ကောင်းလှပါတယ်။

၁၁ ဦးပါတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ သမ္မတ၊ ဒုသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊
နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ပါဝင်ပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်ဆိုတဲ့ အယူအဆဟောင်းကို ဆက်လက်ဆုပ်ကိုင်မယ့် အစား အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ဖို့ သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပညာရေး၊ ကျန်းမာရေးတွေမှာ နိုင်ငံ့ဘတ်ဂျက်ကို ပိုသုံးတာက ပဋိပက္ခတွေကို လျော့ပါးစေပြီး နိုင်ငံလုံခြုံရေးကို အထောက်အကူ ပြုစေနိုင်တာကို သတိပြုစေချင်ပါတယ်။

ဒါ့အပြင် နိုင်ငံမှာ လျှပ်စစ်နဲ့ သောက်သုံးရေ လိုအပ်ချက် ကြီးကြီးမားမား ရှိနေတာကို လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ဖို့ လိုနေပါတယ်။

အခြေခံဥပဒေကိုလက်မခံနိုင်တဲ့ အတိုက်အခံတွေကို စိတ်ရှည်မယ့်ဟန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးသိန်းစိန်က တခုတ်တရ ပြောသွားခဲ့လို့ အမှတ်ပေးစရာအဖြစ် ယူဆပါတယ်။

ဒါပေမဲ့လဲ အံ့သြစရာကောင်းနေပြန်တာက သမ္မတကျမ်းကျိန်ရက်မတိုင်ခင် ရက်သတ္တတပတ် အလိုကမှ ဖြစ်သွားခဲ့တဲ့ အနိမ့်ဆုံး လူ ၇၄ ဦး သေဆုံးခဲ့တဲ့ ရှမ်းအရှေ့ပိုင်း ငလျင်အကြောင်းကို တလုံးတပါဒမှ မဟသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဘဝက လူ ၁ သိန်း ၄ သောင်းကျော် သေဆုံးပြီး ၂.၄ သန်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းသင့်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ပေးဖို့ထက် အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့်များ တာလေငလျင်ကို အလေးမထားတာလားလို့ မေးခွန်းထုတ်မိပါတယ်။

စာဖတ်ဝါသနာထုံတဲ့သူ၊ စစ်ယူနီဖောင်းချွတ်တွေကြားမှာ ရှားရှားပါးပါး လာဘ်စားတဲ့ နာမည်ဆိုး ကင်းလွတ်တဲ့သူ၊ နားထောင်ပေးတတ်သူရယ်လို့ ညွှန်းဆိုခံရတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို မြိုင်မြိုင်ကြီး ပြောသွားသလို လက်တွေ့အားဖြင့်လဲ ပြသဖို့ လိုနေပါပြီ။

ဝန်ကြီးချုပ်ဘဝက စစ်အာဏာရှင်စနစ်ကြောင့် အစွမ်းပြခွင့်မရခဲ့ဘူးလို့ ဆင်ခြေပေးလို့ ရနိုင်သေးပေမယ့် သမ္မတဖြစ်လာပြီးတဲ့နောက် ဒီအခွင့်အရေး မရတော့ပါဘူး။ မြန်မာပြည်သူတွေထဲမှာ အရှေ့အလယ်ပိုင်းက ဒီမိုကရေစီ လှိုင်းလုံးကြီးတွေကြောင့် အားတက်စိတ်တွေ ဖြစ်ထွန်းနေတာကိုလဲ တွေ့မြင်နေရပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရသစ်အတွက် သက်သာရာရစေနိုင်ဖို့က အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ
ပြေလည်မှု ဘယ်လောက် ယူနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates