Friday, March 4, 2011

မြန်မာ့ဘတ်ဂျက်သစ်၊ အတူတူနဲ့ အနူနူ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းရော ပြည်ပတွင်ပါ ဝေဖန်သံ၊ မှတ်ချက်ပေးသံများ ပေါ်ထွက်လာပြန်သည်။ ယင်းမှာ ၂ဝ၁၁ ခုနှစ်အတွက် ပြဋ္ဌာန်း
ကြေညာလိုက်သော မြန်မာနိုင်ငံ၏ ဘတ်ဂျက်သစ် ဖြစ်သည်။ ဘတ်ဂျက်ဆို၍ အသစ်ပေါ်ပေါက်လာသော လွှတ်တော်မှ ပေါ်ထွက်လာသည်ဟု မထင်လိုက်ပါနှင့်။

ထုံးစံအတိုင်း စစ်အစိုးရက ပြဋ္ဌာန်းလိုက်သည့် ဘတ်ဂျက်သာ ဖြစ်သည်။ ယင်းဘတ်ဂျက်အတွက် အကြံဥာဏ်ပေးခွင့် မရှိ၊ မေးခွန်းထုတ်ခွင့် မရှိ၊ အချေအတင် ဆွေးနွေးခွင့်များ မရှိပါ။ ယခုလွှတ်တော်သစ်သည် အစိုးရသစ် ဖွဲ့စည်းခြင်းဖြင့် အလုပ်ရှုပ်နေပါသေးသည်။

၂ဝ၁၁ ခုနှစ် ဘတ်ဂျက်၏ အသေးစိတ် အချက်အလက်များကို အစိုးရတရားဝင် ထုတ်ဝေဖြန့်ချိသည့် နိုင်ငံတော် ပြန်တမ်းကို လက်လှမ်းမီသူ လူနည်းစုကလေးသာ သိနိုင်ပါသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဘတ်ဂျက်ပါ အချက်အတော်များများမှာ လွန်ခဲ့သော ဆယ်စုနှစ် တခုတုန်းကလိုပင် ဘာမှ အပြောင်းအလဲဟူ၍ မရှိလှပါ။ အကျဉ်းချုပ်ကို ပြောရလျှင် -

-       စစ်တပ်အတွက် ခွဲဝေသတ်မှတ်ချက်က တခုလုံး၏ ၃ဝ % ခန့်
-       စက်မှုလုပ်ငန်းက ၃ဝ % ခန့်
-       ကုန်သွယ်ရေးက ၂၃ % ခန့်
-       လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက်က ၆ % ခန့်
-       ပညာရေးက ၄ % ခန့်
-       ကျန်းမာရေးက ၁ % ခန့်သာ ရှိသည်။

ဘတ်ဂျက်၏ ဦးစားပေးလုပ်ငန်းများမှာ စစ်တပ်၏ ဦးစားပေးလုပ်ငန်းများကို ရောင်ပြန်ဟပ် ဖော်ပြနေသည်။ အခြေခံအဆောက်အဦနှင့် `အမာထည်´ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ငွေအများအပြား ချထားပေးပြီး၊ ပြည်သူများ နေ့စဉ် လိုအပ်နေသည့် လုပ်ငန်းများ အထောက်အကူပြုနိုင်သော လုပ်ငန်းများဖြစ်သည့် `အပျော့ထည်´ ဝန်ဆောင်မှု လုပ်ငန်းများအတွက်မူ ငွေအနည်းငယ်သာ သတ်မှတ်ပေးထားသည်။ ယင်းလုပ်ငန်းများမှာ မိမိဘာသာ ရုန်းကန် ရပ်တည်ကြရမည်
ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခေတ်နောက်ကျ၍ ညံ့ဖျင်းလှသော  ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက်လည်း ထို့အတူသာ ဖြစ်သည်။

ဒီမိုကရေစီ လိုလားသော အတိုက်အခံများအတွက် ကြီးကျယ်လှသည့် လုပ်ငန်းတာဝန်မှာ မြန်မာနိုင်ငံ ဘတ်ဂျက်၏ အရင်းအမြစ်များကို လူထု၏ ပညာရေး၊ ကျန်းမာရေး စသည့် `အပျော့ထည်´ နယ်ပယ်များတွင်သာ အသုံးချရန် နိုင်ငံရေး လှုပ်ရှားမှုကြီးတရပ်ကို စတင်ဖို့ပင် ဖြစ်သည်ဆိုသည်မှာ ရှင်းလင်းလှသည်။ အကြောင်းမှာ မြန်မာနိုင်ငံအဖို့ သူ့နယ်စပ်တွင် ခြိမ်းခြောက်နေသော ရန်သူ့အန္တရာယ် ဟူ၍ မရှိခြင်းကြောင့်ပင် ဖြစ်သည်။

မြန်မာ့စီးပွားရေးကို အများတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအတွက် ပိုသုံးရမည်။ ထိုသို့ဖြစ်ရန်အတွက် စီးပွားရေး ဥပဒေများသည် ပိုမိုပွင့်လင်းမှုရှိဖို့ လိုအပ်သည်။ မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိစေမည့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ခွင့် ပေးရမည်၊ ယခုထက် လျှော့မပေးသင့်ပါ။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်တို့ကို ကြည့်ဖို့လိုသည်။

ဘတ်ဂျက်ကို တကယ်တမ်း နားလည်ရန် ဥပဒေပြုအဖွဲ့ဝင်များနှင့် နိုင်ငံသားများကို အချက်အလက် အပြည့်အစုံ ပေးဖို့ လိုသည်။ ပိုမိုပွင့်လင်းမှုရှိဖို့ လိုသည်။ ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့ ခွဲဝေသုံးစွဲစေမည် ဆိုသည်ကို ကျယ်ပျံ့ပွင့်လင်းစွာ အသိပေးရမည်။ နောင်အခါ ဤအချက်များကို ပါလီမန်တွင်းတွင် အပြင်းအထန် ငြင်းခုံဆွေးနွေးကြမည်၊ ဘဏ္ဍာရေးတွင် ပွင့်လင်းမြင်သာရှိဖို့၊ တာဝန်ခံမှုရှိဘို့၊ သာမန်အသိဥာဏ်ဖြင့်ပင် သိသာနိုင်သည့် အချက်များကို ဆွေးနွေးဖလှယ်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

တချိန်တည်းတွင် အဆိုပါအချက်များနှင့် အချေအတင် ဆွေးနွေးပြောဆိုမှုများကို မီဒီယာတွင် လွတ်လပ်စွာ ဖော်ပြခွင့် မပေးလျှင်လည်း မြန်မာနိုင်ငံသည် ကောလာဟလ ဝဲဂယက်ထဲတွင်သာ လည်နေဦးမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများ အနေဖြင့်လည်း ဘာမှ သိရမည် မဟုတ်ပါ။

မြန်မာနိုင်ငံလို တဦးကျဝင်ငွေ နည်းပါးလွန်းလှသော နိုင်ငံမျိုးတွင် သာမန်ပြည်သူများအနေဖြင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးများအတွက် ပညာရေး စသည်တို့တွင် အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ အားကိုးနေကြရခြင်း ဖြစ်သည်။ ဒေသတွင်း စီးပွားရေးတွင် အပြည့်အဝ ပြိုင်ဆိုင်နိုင်စွမ်း ရှိရန်မှာလည်း ကျန်းမာ၍ ပညာတတ်ဦးမှ ဖြစ်မည်။

ဘတ်ဂျက်တွင် နောက်ထပ်တွေ့ရသော ကွာဟချက်ကြီးတရပ်မှာ အခွန်အကောက် ရငွေပိုင်းနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ မပါရှိခြင်းပင် ဖြစ်သည်။ အမှန်စစ်စစ် ဤဘတ်ဂျက်သည် ပိုငွေ ဘတ်ဂျက်လော၊ လိုငွေ ဘတ်ဂျက်လော ဆိုသည်ကိုပင် ကျနော်တို့ မသိပါ။

ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို တိုးတက်ကောင်းမွန်အောင် လုပ်ရန်၊ သာမန်အခွန်ထမ်း ပြည်သူများ အခွန်မပိရေးအတွက်  အခွန်အကောက် ကောက်ခံခြင်းကို ကျယ်ပြန့်အောင် လုပ်ရန်၊ အခွန်ကောက်ခံ ရရှိမှုကို တိုးမြှင့်ကောက်ခံရရှိရေး ဆောင်ရွက်ရန်တို့ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း အဖွဲ့အစည်းများက ကြာမြင့်စွာကတည်းကပင် ပြောဆိုတိုက်တွန်းထားခဲ့ကြသည်။

ပြီးခဲ့သော နှစ်အတွင်း တိုးတက်မှုတရပ်အနေနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက်ထဲ လွှဲပေးနေသည်ကိုမူ တွေ့ခဲ့ရသည်။ သို့သော် အစိုးရနှင့် ရင်းနှီးသော လူရင်းလူယုံများကိုသာ မျက်နှာသာပေး၊ အခွင့်အရေးပေးသည်ဟူသော ပြောဆိုမှုများမူ ပေါ်ထွက်ခဲ့သည်။ ရေရှည်အနေဖြင့်ဆိုလျှင် ပုဂ္ဂလိက နိုင်ငံသားများ လက်ထဲတွင်ရှိသော စီးပွားရေးလုပ်ငန်းများသည်သာ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရှိမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းကိုလည်း ပိုမိုအကျိုးပြုနိုင်သည်။

ကံကောင်းသည်မှာ မြန်မာပြည်၏ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်နေခြင်း ဖြစ်သည်။ သို့သော် မည်မျှအထိ ဤသို့ နိမ့်နေမည် ဆိုသည်ကိုမူ မည်သူမျှ မပြောနိုင်ပါ။ ပြီးခဲ့သော နှစ်ထဲတွင်မူ မြန်မာ့ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာပြည်တွင်းတွင် အခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်နေပြီး၊ ငွေကြေးဖောင်းပွမှု နှုန်းကိုလည်း နိမ့်ကျနေအောင် ဆောင်ရွက်နေပါသည်ဟု ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကို ပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းများကို လစာ ၃ ဆ တိုးပေးမည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် ကုန်ပစ္စည်းဈေးနှုန်းးများ ရုတ်တရက် ခုန်တက်သွားခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်း အရှိန်ဖြင့် တက်လာသည့် အရိပ်အယောင်ကိုမူ ယခုထိ မမြင်တွေ့ရသေးပါ။

ယခုတော့ ကောလာဟလများ ထပ်မံထွက်ပေါ်လာပြန်ပါပြီ။ အစိုးရသစ်ထံမှ တိုင်းပြည်က လိုအပ်နေသည်မှာ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ခိုင်လုံစိတ်ချရသော သတင်းအချက်အလက်များ ရရှိရေးပင် ဖြစ်သည်။

သို့မှသာ ကျွန်ုပ်တို့အတွက် ကောလာဟလများထက် အချက်အလက်မှန်များ အပေါ်တွင်သာ အခြေခံကာ ဆွေးနွေးပြောဆိုနိုင်မည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates