Thursday, March 24, 2011

ပူတာအိုက ဘိန်းခင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၉ မိနစ်

အယ်ဒီတာခင်ဗျား.......

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းက ကျေးရွာအချို့မှာ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဘိန်းခင်းများ စိုက်ပျိုးနေပါတယ်။

ပူတာအိုမြို့ရဲ့ တောင်ဘက် မိုင် ၃ဝ အကွာ မြစ်ကြီးနား-ပူတာအိုကားလမ်းဘေးက လုံရှာယန်၊ ဆွမ်ပီယန်၊ တန်ဂျာ၊ ဝဒတ်၊ ဖတ်မာ စတဲ့ ကျေးရွာတွေမှာ အိမ်တိုင်းလိုလို ဘိန်းခင်းများ စိုက်ပျိုးနေပါတယ်ခင်ဗျာ။

ကျနော်တို့မှာ အခြားဝင်ငွေမရှိပါဘူး။ တောင်ယာပဲ လုပ်စားနေရတာ၊ မနှစ်တုန်းကဆို မိုးများတဲ့လို့ ခုတ်ပြီးတဲ့ တောင်ယာကို မီးမရှို့ရတဲ့အတွက် စပါးစိုက်ပျိုးလို့ မရခဲ့ဘူး။ ဒါကြောင့် ဆန်ဝယ်စားနိုင်ဖို့ ဘိန်းခင်းခုတ်တာပါ။ အိမ်တိုင်းလိုလို စိုက်ပျိုးစားသောက်ရတာပါ။

ဘိန်းစိုက်ပျိုးဖို့အတွက် နီးစပ်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ကြိုတင် အမည်စာရင်းသွင်းရပြီး ငွေ ၃ဝဝဝဝ ကျပ်စီပေးရပါတယ်။ ဘာသာရေးဆရာအိမ်က လွဲပြီး တအိမ်မှာ ၂ ဧက၊ တချို့ဆို ၂ နေရာ ၃ နေရာမှာလုပ်နေကြရပါတယ်။ အဲဒီရွာပေါင်းက ဘိန်းစိုက်ဧကမှာ ၅ ထောင်ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

နောက် ဘယ်နေရာမှာ ဘိန်းစိုက်မယ်ဆိုတာ ပြောပြထားရတယ်။ အဲဒီဘိန်းခင်းတွေကို မဖျက်ဆီးပေးဖို့လည်း ကြိုတင် စာရင်းသွင်းပြီးတော့ အခွန်ဆောင်ရတယ်။ မနှစ်ကတော့ ကျပ် ၂ သောင်းပေးရတာပေါ့။ ဒီနှစ်တော့ ၃ သောင်းပေးရပါတယ်။

၂ဝဝ၃ ခုနှစ်က ကချင်လွှတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက စစ်ကြောင်းတွေနဲ့ ဘိန်းခင်းတွေကို လာရောက် ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီး ဘိန်းအစားထိုး သီးနှံပင်များ စိုက်ပျိုးရန် ပညာပေးပြောဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ အောင်မြင်မှု မရသေးပါဘူးခင်ဗျာ။

ဆွမ်ပီယန်ကျေးရွာ
ဒေသခံတဦး
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates