Monday, November 1, 2010

ရွေးကောက်ပွဲ သတင်း လွတ်လပ်ခွင့်ပြုရန် IFEX တိုက်တွန်း

မဇ္ဈိမသတင်းဌာန

၂ဝ၁ဝ ရွေးကောက်ပွဲတွင် သတင်းလွတ်လပ်ခွင့် လေးစားလိုက်နာရန် ကမ္ဘာတဝှန်းရှိ သတင်းဌာန ၃၃ ခု ပါဝင်သည့် နိုင်ငံတကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖလှယ်ရေးအဖွဲ့ IFEX က ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ မြန်မာစစ်အစိုးရကို ပန်ကြားလိုက်သည်။

ဤအခွင့်အရေးကို လေးစားလိုက်နာမှသာလျှင် ရွေးကောက်ပွဲကို မြန်မာပြည်သူများက သူတို့၏ ဆန္ဒကို လွတ်လပ်မျှတစွာ ထုတ်ဖော်ပြသခွင့်ရသည့် ရွေးကောက်ပွဲအဖြစ် အဓိပ္ပာယ်ကောက်ယူလိမ့်မည်ဟု IFEX က ဆိုသည်။

ဤပန်ကြားချက်သည် အထူးသဖြင့် အာဆီယံ နိုင်ငံများကိုလည်း စစ်အစိုးရအား လွတ်လပ်ညီမျှစွာ သတင်းရယူခွင့် စသော အခွင့်အရေးများကို အသိအမှတ်ပြုစေရေး တိုက်တွန်းပေးပါရန် တပြိုင်တည်း ပန်ကြားခြင်းလည်း ဖြစ်သည်။

’’မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ သမိုင်းဆိုင်ရာ အရေးပါသည့် အခိုက်အတန့်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းရယူခွင့်၊ ဒီမိုကရေစီ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးများ အာမခံချက် ရှိစေရေးအတွက် မြန်မာအစိုးရနှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ဝင် အစိုးရများကို ကျနော်တို့ တောင်းဆိုပါသည်’’ ဟု ဘာရိန်း၊ ဗင်နီဇွဲလားနှင့် အနောက်အာဖရိကတို့အထိ ကမ္ဘာအနှံ့ ကျယ်ပြန့်စွာ ပါဝင်သည့် IFEX ညွန့်ပေါင်း အဖွဲ့ကြီးက ဆိုသည်။

ပြည်တွင်းပြည်ပ သတင်းဌာနများ၌ ပါဝင်သော အရေးပါသည့် သတင်းများကို စစ်အစိုးရက ကန့်သတ် ချုပ်ချယ်သည့်အပြင် ’’ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အနည်းဆုံး ပါတီ ၃ ခုကို သူတို့၏ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်း၌ ရွေးကောက်ပွဲ ကော်မရှင်က မသင့်တော်ဟု သတ်မှတ်သည့် အချက်များ ပါဝင်သဖြင့် နိုင်ငံတော်က ထိန်းချုပ်ထားသော မီဒီယာများတွင် ဖော်ပြထုတ်လွှင့်ခွင့် မပြုခဲ့’’ ဟု IFEX က ထည့်သွင်းရေးသားထားသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ လွတ်လပ်ပွင့်လင်းမြင်သာစွာ ပြုလုပ်ရန် နိုင်ငံတကာနှင့် လူ့အခွင့်အရေး အဖွဲ့များက စစ်အစိုးရကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သော်လည်း စစ်အစိုးရကမူ ရွေးကောက်ပွဲသတင်း ရယူနိုင်သူများ ပြည်တွင်း၌ အလုံအလောက် ရှိသည်ဟုဆိုကာ ပယ်ချလျက်ရှိသည်။

IFEX အဖွဲ့ဝင်များက ’’၂ဝ၁ဝ ရွေးကောက်ပွဲကို တစုံတရာ အတိုင်းအတာတခုအထိ သတင်းရယူပေးနိုင်မည့် ပုဂ္ဂလိကပိုင် သတင်းဌာနများ ပြည်တွင်း၌ ရှိနေသည်ကို အသိအမှတ်ပြုပါသည်။ သို့သော် ပြည်တွင်း မီဒီယာများဖြစ်သော အစိုးရနှင့် ပုဂ္ဂလိက သတင်းဌာနများသည် ရွေးကောက်ပွဲသတင်းများ ရေးသား တင်ပြရာတွင် ပါဝင်သည့် စာသားများနှင့် ပတ်သက်၍ ကန့်သတ်ချုပ်ချယ်ခံရဆဲဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ဆန့်ကျင်ဘက်အမြင်၊ ဝေဖန်စိစစ်သည့် အမြင်များကို ဖော်ပြခွင့် မပေးရန် တမင်ရည်ရွယ် ပြုလုပ်ထားခြင်းဖြစ်သည်’’ ဟု တုံ့ပြန်ပြောဆိုထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသော်၎င်း၊ ရွေးကောက်ပွဲ ဥပဒေကိုသော်၎င်း မှားယွင်းကိုးကားမိခြင်း၊ မှားယွင်းအဓိပ္ပာယ် ဖော်ပြမိခြင်းတို့မျှဖြင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရနိုင်သည်။ ယင်းသည် ရွေးကောက်ပွဲသတင်းများ ရေးသားရာ၌ အစိုးရက တရားဝင် ဖော်ပြနေသော လမ်းကြောင်းမှ အနည်းငယ်မျှ သွေဖည်ခွင့် မပေးရန် ကြိုးစားခြင်းလည်း ဖြစ်သည်ဟု IFEX က ဆိုသည်။

IFEX ကို ၁၉၉၂ ခုနှစ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး မဇ္ဈိမသတင်းဌာနသည်လည်း အဖွဲ့ဝင် ဖြစ်သည်။ ယခုအခါ အဖွဲ့ဝင်အဖြစ် လွတ်လပ်သော သတင်းဌာနပေါင်း ၈ဝ ကျော် ရှိပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး ချိုးဖောက်နေမှုများကို ဖော်ထုတ်ဖွင့်ချ တိုက်ပွဲဝင်လျက်ရှိသည်။

IFEX ၏ ယမန်နေ့ ပန်ကြားချက်သည် ယခုလ ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဟနွိုင်မြို့၌ ကျင်းပမည့် ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ ကြိုတင်ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates