ခြစားမှု အများဆုံး နိုင်ငံစာရင်း မြန်မာ ဒုတိယချိတ်

မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ)။       ။ လာဘ်ပေးလာဘ်ယူ အနည်းအများ ၁၇၈ နိုင်ငံစာရင်းတွင် မြန်မာသည် အဆင့် ၁၇၆ ဖြင့် ဇယား အောက်ခြေတွင် ဆက်လက်တည်ရှိနေသည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု လေ့လာရေးအဖွဲ့က ယမန်နေ့ ထုတ်ပြန်သည့် ၂ဝ၁ဝ လာဘ်ပေးလာဘ်ယူ အညွှန်းကိန်းတွင် မြန်မာက အာဖဂန်နစ္စတန်နှင့်အတူ အဆင့် ၁၇၆ ဖြင့် ရှိနေကာ ၎င်းတို့နောက်တွင် အဆင့် ၁၇၈ ဖြင့် အရှေ့အာဖရိကက ဆိုမာလီယာသာ ကျန်တော့သည်။

လာဘ်စားမှု အရှိဆုံးကို သုည သတ်မှတ်ပြီး လာဘ်ပေးလာဘ်ယူ အကင်းဆုံးကို ၁ဝ သတ်မှတ်ကာ အမှတ်ပေး စာရင်းပြုစုရာ နိုင်ငံအရေအတွက် လေးပုံသုံးပုံခန့်သည် ၅ မှတ်အောက်သာ ရရှိကြပြီး မြန်မာသည် ၂ နှစ် ဆက်တိုက် ၁.၄ မှတ်သာ ရရှိခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထဲမှ စင်္ကာပူနှင့် ဘရူနိုင်းသာ ၅ မှတ်အထက် ရရှိပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့လည်း ၃ မှတ် အောက်တွင်သာ ရှိကြသည်။

လေ့လာချက်များအရ နိုင်ငံတနိုင်ငံ၏ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းနှင့် ခြစားနှုန်း တိုက်ရိုက်အချိုးကျနေပြီး ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်နှင့် လာဘ်စားမှုများ လျှော့ချရန် ပွင့်လင်းမြင်သာမှုနှင့် စာရင်း စစ်ဆေးနိုင်မှုတို့က အဓိက ကျသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုနှင့် စာရင်းစစ်ဆေးနိုင်မှု မရှိသည့်အပြင် နိုင်ငံရေးလည်း မတည်ငြိမ်သဖြင့် လာဘ်ပေးလာဘ်ယူမှု ကြီးထွားလာရသည်။ မြန်မာနိုင်ငံကို စစ်တမ်းကောက်ရာ ရင်းမြစ် ၁၃ ခုမှ ကောက်ရမည့်အစား ၃ နေရာမှသာ စာရင်းကောက်နိုင်ခဲ့သည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူ လေ့လာရေးအဖွဲ့က လာဘ်ပေးလာဘ်ယူအဆင့် သတ်မှတ်ရန် အချက်အလက် စုဆောင်းရာတွင် လွတ်လပ်၍ ယုံကြည်ရသော အဖွဲ့အစည်းများထံမှ ကွဲပြားသည့် အကဲဖြတ်ချက်နှင့် ခြုံငုံသုံးသပ်ချက်များကို အခြေခံစုဆောင်းခဲ့သည်။  အစိုးရ အရာရှိများ၏ လာဘ်စားမှု ပမာဏ၊ နိုင်ငံတော် ရန်ပုံငွေ အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်သည့် စနစ်များ ထိရောက်မှု ရှိမရှိတို့ကို အခြေခံ တွက်ချက်ထားသည်ဟု ဆိုသည်။

ဒိန်းမတ်၊ နယူးဇီလန် နှင့် စင်္ကာပူတို့က ၉.၃ ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ကာ လာဘ်ပေးလာဘ်ယူ အကင်းဆုံး နိုင်ငံများအဖြစ် ရပ်တည်နေသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး