Wednesday, October 13, 2010

ရွေးကောက်ပွဲ ဆန့်ကျင်စာများ တောင်ကုတ်မှာ ကပ်

ခိုင်စု

နယူးဒေလီ (မဇ္ဈိမ)။      ။ ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး စာရွက်များကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်နှင့် မြို့နယ်တွင်း ၁၅ ရွာတွင် ယနေ့နံနက် ကပ်ခဲ့ကြောင်း နိုင်ငံရေး တက်ကြွသူ လူငယ်များက ပြောဆိုသည်။



အလျား-အနံ (၈x၆) လက်မ အရွယ်ရှိ အဖြူရောင် စာရွက်ပေါ်၌ ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ စာတန်းပေါ် ကြက်ခြေခတ် ရေးခြစ်ထားပြီး၊ အောက်ဘက်တွင် ’’ဆန့်ကျင်သပိတ်မှောက်ကြ’’ ဟူ၍ အနက်ရောင်ဖြင့် ရေးထားသည်။

“တောင်ကုတ်မြို့ပေါ်က လမ်းမကြီးတလျှောက်က ဓာတ်တိုင်တွေနဲ့ ကျေးရွာ ၁၅ ရွာက ခြံစည်းရိုးထရံတွေမှာ ကပ်တယ်။ မနက်အစောကြီးမှာပဲ ရပ်ကွက်နဲ့ ကျေးရွာအာဏာပိုင်တွေရယ်၊ ရဲတွေရယ်က ပြန်ခွာသွားကြတယ်” ဟု တောင်ကုတ်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုအောင်သာလှက မဇ္ဈိမကို ပြောသည်။

မအီ၊ ဆားပြင်၊ တန်းလွဲချောင်း၊ ရွာမ၊ လမူ၊ တိန်တောင်၊ ရွာမ၊ မြို့တောင်၊ စေတီပြင်နှင့် ရန်မျိုး ကျေးရွာတို့ အပါအဝင် ကျေးရွာ ၁၅ ရွာတွင် တက်ကြွသူ လူငယ်တစုက စာရွက်အရေအတွက် ၈ဝဝ ခန့် အသုံးပြုခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ အရာရှိက ဖြေဆိုခွင့် မရှိကြောင်း ပြောဆိုသည်။ တောင်ကုတ်ဒေသခံ ၃ ဦးကမူ စာရွက်ကပ်သည်ကို ၎င်းတို့ မသိရှိကြောင်း ပြောသည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates