ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်နယ် ထားဝယ်ခရိုင်ရှိ ကျေးရွာ ၆ ရွာမှ ဒေသခံဦးရေ ၂ဝဝဝ ခန့် ဆန်ပြတ်လပ်နေကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အဆိုအရ သိရသည်။
နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီ NMSP နှင့် စစ်အစိုးရအကြား စစ်ဖြစ်ပွားနိုင်သည်ဟု ယူဆကာ ဆန်ရိက္ခာများကို တောတွင်း၌ ဖွက်ထားရာမှ မိုးရေစိုခြင်းနှင့် တောကောင်များ စားသောက်သဖြင့် ပျက်စီးကုန်ခြင်းကြောင့် ဆန်ပြတ်လပ်လာကြောင်း သိရခြင်း ဖြစ်သည်။
ရေဖြူမြို့နယ်ရှိ မိဇိ၊ ကရုံးဗိုင်၊ ဂျာတုံး၊ ဝင်နိုက်၊ တောလဝီ၊ ကရုံးဗတင်း စသည့်ရွာများဖြစ်ပြီး၊ NMSP နယ်မြေ အခြေခံထားသည့် ယင်းမွန်ကော်မတီက တာဝန်ယူ ကူညီမှုကို ရယူနေရသည့် ကျေးရွာများလည်း ဖြစ်သည်။
“၄ လပိုင်းက ကျနော်တို့ ဝေပစ်လိုက်တယ်လေ။ အခြေအနေမကောင်းဘူးဆိုပြီး တောထဲမှာ သူတို့ သွားဖွက်ထားတာပေါ့လေ။ မိုးတွင်းကြောင့် ဆန်တွေက ပျက်တယ်။ နောက် တောတိရစ္ဆာန် တွေ စားလိုက်တော့ အခက်အခဲ ဖြစ်သွားတာပေါ့။ အခုက တောင်ယာလည်း မပွင့်သေးဘူး။ အနည်းဆုံး ၁ လလောက်ပြတ်မယ်” ဟု မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး နိုင်ဗညားအိန်က မဇ္ဈိမကို ပြောသည်။ တလစာအတွက် အနည်းဆုံး ထိုင်းဘတ်ငွေ တသန်းခန့် လိုအပ်သည်ဟု ဆိုသည်။
ယခင်က စစ်ပြေးဒုက္ခသည်ရွာများဖြစ်ပြီး NMSP နှင့် နအဖ အပစ်ခတ်ရပ်ပြီးနောက် ပြန်လည်ထူထောင်ရေး ကျေးရွာများအဖြစ် သတ်မှတ်ခဲ့သည့် ယင်း ၆ ရွာသည် အပစ်မရပ်မီကတည်းက ထိုင်းအခြေစိုက် NGO တချို့မှ အကူအညီ ရနေခဲ့သည်ဟု သိရသည်။
“အရင်တုန်းကတော့ တနှစ်စာ ပေးတယ်ပေါ့လေ။ အပစ်ရပ်ဆဲပြီး နောက်ပိုင်း ၁၂ လစာကနေ ၉ လ၊ ၆ လ သူတို့လျှော့ချတာ အခုချိန်ဆို တနှစ် ၃ လစာပဲ ပေးတယ်” ဟု နိုင်ဗညားအိန်က ပြောသည်။
ယခင်က ဆန်ကို ကော်မတီက ပြည်တွင်းမှ ဝယ်ယူပြီး ယင်းရွာများကို ဖြန့်ဝေပေးခဲ့သော်လည်း ယခုအခါ NMSP နှင့် နအဖ အကြား ဆက်ဆံရေး တင်းမာနေသဖြင့် ဆန်အမြောက်အမြား ဝယ်ယူရန် ခက်ခဲနေသည်ဟု မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဆိုသည်။ ကူညီငွေရပါကမူ ရွာသားများအနေဖြင့် “တောလမ်း” သုံး၍ ဝယ်ယူနိုင်လိမ့်မည်ဟု ကော်မတီက မျှော်လင့်နေသည်။
မွန်ပြည်သစ်ပါတီ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်ကလည်း “အဲဒါတွေက ဟုတ်ပါတယ်။ သူတို့ ဆန်တွေဘာတွေ အဝင်အထွက် ပိတ်ထားတာကြောင့်လည်း ပါတာ ပေါ့။ ရေး-ထားဝယ်ကားလမ်းမှာရှိတဲ့ အလယ်စခန်း၊ ကျောက်ကုတင်၊ ရာဖူးတို့ကတဆင့် ဝယ်ရ တာပေါ့။ မိုးတွင်းကျတော့ လူနဲ့ပဲ သယ်ရတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ဝါးအိမ်များဖြင့် နေထိုင်ကြပြီး တောင်ယာနှင့် လယ်လုပ်ကိုင်စားသောက်ကြသည့် ယင်း ရွာ ၆ ရွာ၏ မူလရွာများမှာ ကျောက်ကုတင်၊ ကျွဲသလင်း၊ ရာဖူးဘက်မှဖြစ်ပြီး နေရာသစ်သည် မြေနေရာကျယ်ခြင်းကြောင့် ပြည်တွင်း၌ အဆင်မပြေသည့် ဆွေမျိုးများလည်း လာရောက်နေထိုင်ကြသည်။
နအဖ၏ ရွေးကောက်ပွဲသည် ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ရန်နှင့် စစ်အာဏာရှင်စနစ် တရားဝင် ဖြစ်လာစေရေးကိုသာ ရည်ရွယ်ကြောင်း NMSP က ယခုလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဒီမိုကရေစီနှင့် “စစ်မှန်သော ပြည်ထောင်စုစနစ်” ကို အာမ မခံနိုင်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ပြုမည့် ရွေးကောက်ပွဲကို မဲမပေးခြင်း၊ ပယ်မဲဖြစ်ရန် ပြုလုပ်ခြင်းတို့ဖြင့် ဝိုင်းဝန်းဆန့်ကျင်ရန်လည်း လူမျိုးစုံပြည်သူများကို ပန်ကြားထားသည်။
မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၅၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP သည် အင်အား ၇,ဝဝဝ ကျော် ရှိပြီး ၁၉၉၅ ခုနှစ် ဇွန်လတွင် အပစ်ရပ်ခဲ့သည်။ မော်လမြိုင်၊ ထားဝယ်၊ သထုံ စသည့် ခရိုင်များနှင့် ရေးချောင်းဖျားရှိ ဗဟိုဂွင်၊ ဘုရားသုံးဆူ ဒေသတို့ကို ထိန်းချုပ်ထားသည်။