ခိုင်စု
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ နီးကပ်လာသော်လည်း မဲဆန္ဒရှင် အများအပြားက မည်သည့်ပါတီကို မဲပေးရမည်ကို ဝေခွဲမရသေးဘဲ ဖြစ်နေသည်။
ပြည်တွင်းပြည်ပရှိ မဲဆန္ဒရှင်အချို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းကြည့်ရာ ဖြေဆိုသူအများစုက ၎င်းတို့ထံသို့ သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ မရရှိသဖြင့် မည်သည့်ပါတီကို မဲပေးရမည်မှန်း မသိသေးကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင် (အင်ဒိုနီးရှား)
’’အခုချိန်ထိတော့ ကိုမြင့်သိန်းဝင်း (သံမှူး) က ကျနော့်ဆီကို အကြောင်းမကြားသေးဘူး။ မဲထည့်လို့ ရမရ မသိသေးဘူး။ သွားပြီး မဲထည့်ဖို့ မအားနိုင်ဘူး။ စာတိုက်ကနေ လှမ်းပြီးတော့ ထည့်ပေးနိုင်တယ်။ မြန်မာနိုင်ငံသားဆိုတော့ ထည့်ပေးရမှာပေါ့’’
’’ကျနော်က ဘာမှ ရွေးကောက်ပွဲအကြောင်း update မရဘူး။ စိတ်မဝင်စားဘူး။ ကျနော်က စီးပွားရေးလုပ်နေတာ။ အဲဒီအပိုင်းကို စိတ်မဝင်စားဘူး။ ဘာအဖွဲ့၊ ဘာအဖွဲ့လဲ မသိဘူး။ ကျနော်တို့ကို သံရုံးက ပို့လိုက်တဲ့အခါမှာ ဘယ်နှဖွဲ့ဆိုတာ ပါမယ်။ အဲဒီအခါ ရွေးလို့ရတာပေါ့။ အခုချိန်ထိတော့ ဘယ်အဖွဲ့မှာ ဘယ်သူပါမယ်ဆိုတာ မသိသေးဘူး’’
ရွှေ့ပြောင်းလုပ်သား လူငယ် (စင်္ကာပူ)
’’မဲကိစ္စ အကြောင်းမကြားသေးဘူး။ သိပ်မလိုတော့ပေမယ့် ဘာကြော်ငြာတာမှ မရှိသေးဘူး။ သူတို့ဆီက (သံရုံး) အကြောင်းကြားတာ မရှိတော့ အဲဒီအတွက် ပြင်ဆင်ထားတာ မရှိဘူး။ သူငယ်ချင်းတွေက သတင်းတွေ လိုက်ကြည့်တာပဲ ရှိတယ်။ ဘယ်လိုထည့်ရမယ်ဆိုတာလည်း မသိသေးဘူး။ ဘယ်ပါတီက ဘာလုပ်နေမှန်းတောင် မသိဘူးဗျာ။ ဘယ်ပါတီ ဘာလုပ်တယ်ဆိုတာ သိဖို့ လိုတယ်လေ။ ဘယ်နှပါတီ ဝင်ပြိုင်မှန်းတောင် မသိဘူး’’
ပေါက်တောဝ ဒေသခံတဦး (ရန်ကုန်တိုင်း အင်းစိန်မြို့)
’’ညဘက်လှမ်းအော်တာတော့ မဲစာရင်း သွားကြည့်ပေါ့။ မရှိရင်လည်း ပြောပေါ့။ ဒါပဲ ကြော်ငြာပေးတာပဲ ရှိတယ်။ ကျနော်တို့ ဘာမှ မသိပါဘူး။ ဒီအပေါ်မှာ အာရုံစူးစိုက်မှု မရှိပါဘူး။ တက်တဲ့ အစိုးရက ကျနော်တို့ အစိုးရပေါ့။ ကျနော်တို့ ရိုသေရမှာပေါ့။ မဲထည့်ပုံကတော့ မဲရုံသွားရင် သိရမှာပေါ့။ ဇာတ်လမ်းတွေထဲလည်း လာနေတာပဲ။ ဘယ်လို ထည့်ရမယ် ဘာညာဆိုတာ။ နိုင်ငံရေး ပါတီတွေကတော့ သူတို့တက်ရင် ဘာညာ၊ ဘာလုပ်မယ် ဒါပဲ ပြောနေတာပေါ့။ ဘယ်သူတွေက ဘယ်ပါတီတွေ မဲထည့်မယ်ဆိုတာ လူတကိုယ် အကြိုက်တမျိုးပေါ့’’
အမျိုးသမီးတဦး (၁၂ ရပ်ကွက် လှိုင်မြို့၊ ရန်ကုန်တိုင်း)
’’ကျမတို့ဆီတော့ စာရွက်တွေ လိုက်ဝေပါတယ်။ တခါမှတော့ ဟောပြောပွဲတွေ လာမလုပ်သေးဘူး။ ကြံ့ခိုင်းရေးကလည်း ရပါတယ်။ ၈၈ မျိုးဆက်ပေါ့နော်၊ အဲဒီက ရပါတယ်။ ကျမတို့ တခုမှ မသိသေးဘူး။ ကျမတို့ မဲဆန္ဒနယ်မြေမှာ ဘယ်သူတွေ အရွေးခံမယ်။ ဘယ်သူတွေ မဲပေးခွင့် ရှိတယ်ဆိုတာ ရပ်ကွက်ရုံးမှာတောင် မကပ်သေးဘူး။ ကိုယ်တောင်မှ ပဲပေးပိုင်ခွင့်ထဲမှာ ပါလား၊ မပါလားတောင် မသိသေးဘူး’’
’’မဲထည့်ဖို့လည်း စိတ်ဝင်စားပါတယ်။ သတင်းစာထဲနဲ့ ဂျာနယ်ထဲ ပါသလောက်တော့ သိထားတာပေါ့နော်။ တီဗီမှာတော့ ကျမတို့ စိတ်ဝင်စားတဲ့ ပါတီဆို ကြည့်ဖြစ်ပါတယ်။ ကျမတို့တော့ ရှမ်းဆိုတော့ ကျားဖြူကို စိတ်ဝင်စားပါတယ်။ ကျားဖြူက ရန်ကုန်တိုင်းမှာ ဝင်မပြိုင်တော့ NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ကိုပဲ ရွေးမှာပါ’’
စိုက်ပျိုးရေးအထူးပြု ဘာသာရပ်သင် ကျောင်းသား (ကယ်လီဖိုးနီးယား၊ အမေရိကန်နိုင်ငံ)
’’ကျနော်တို့ဆီကိုတော့ မဲထည့်ဖို့ အကြောင်းမကြားသေးဘူး။ မဲထည့်ဖြစ်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ် မထင်ဘူး။ ကြံ့ခိုင်ရေးပါတီကပဲ အခွင့်အရေးတွေ စွတ်ရနေတယ်။ ကျန်တဲ့ ပါတီတွေက ဘာမှ လှုပ်ရှားခွင့် မရဘူး။ ကိုယ် ထည့်ထည့်၊ မထည့်ထည့် ကြံ့ခိုင်ရေးနိုင်ဖို့ ဖြစ်နေတယ်။ သူတို့ လုပ်နေတာက ပြည်သူတွေကိုလည်း မလေးစားရာ ရောက်နေတယ်။ အဲဒါကြောင့် မထည့်ချင်တာ’’
ပညာတော်သင် တပ်မတော်သားတဦး (ရုရှား)
’’ကျနော်တို့က ၁၂ ရက်နေ့က ကြိုတင်မဲ သွားပေးပြီးပြီ။ ကျနော်တို့ မဲ ၃ ခု ထည့်ရပါတယ်။ ကျနော်က ကိုယ့်လူမျိုး ကိုယ်စားပြု ပါတီတခုနဲ့ ကြံ့ခိုင်ရေးအတွက် ၂ ခု ထည့်ခဲ့တယ်။ ကျနော်တို့ မော်စကိုသံရုံးကို မသွားခင် ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်က ဘယ်လိုမဲပေးရမယ်ဆိုတာ ရှင်းပြပါတယ်။ လက်ခံစာရွက်ပေါ်မှာ ကိုယ့်နာမည်၊ နေရပ်လိပ်စာ ရေးပြီး ဖြတ်ပိုင်းမှာတော့ ကိုယ်ထည့်မယ့် ပါတီကို အမှန်ခြစ်ရတယ်။ မဲပုံးရှေ့မှာတော့ ဦးလေးကြီး တယောက် စောင့်နေတယ်’’
ပန်းချီကားရောင်းသူ အမျိုးသမီး (မန္တလေးမြို့)
’’တီဗီမှာ လာတဲ့ ပါတီတွေ မဲဆွယ်စည်းရုံး ဟောပြောတာတွေလည်း မကြည့်ဖြစ်ဘူး။ ကျမ နားမလည်ဘူး။ သဘောမပေါက်ဘူး။ ဘယ်ပေးလို့ ပေးရမှန်းလဲ မသိဘူး။ ဘယ်မှ မပေးတော့ဘူးလို့ နေတာပဲ။ ဘယ်သူက ဘာမှန်း သိမှ မသိတာကိုး။ ကျမတို့ နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေကလည်း ဘယ်သူမှ မသိကြဘူး။ ပြည်ခိုင်ဖြိုးတို့ ဘာတို့က အတင်းအကျပ် မဲထည့်ခိုင်းလာတော့လည်း ကျမတို့က နယ်က၊ ဆိုင်ဖွင့်တာက တနေရာ၊ အိမ်က တနေရာဆိုတော့ ဟိုမှာထည့်တယ်၊ ဒီမှာထည့်တယ်လို့ပဲ လွှဲပြောလိုက်မှာပဲ။ နားမလည်တဲ့အတွက် ဒီရွေးကောက်ပွဲမှာ မဲမထည့်တော့ဘူး။ အဓိကကတော့ နားမလည်တာဗျ။ စိတ်တော့ ဝင်စားတာပေါ့။ ကိုယ့်နိုင်ငံအရေးပဲ။ ပတ်ဝန်းကျင်က လူတွေလည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး။ သူငယ်ချင်းတွေလည်း ဒီလိုပဲ။ မသိပါဘူး၊ သူတို့ဟာသူတို့ ဘာတွေမှန်းကို မသိဘူး၊ ဒီလိုပဲ ပြောကြတာပဲ’’