Wednesday, October 20, 2010

ချင်းမိုင် ရှမ်းအဖွဲ့များ၏ မဲမပေးရေး ဗီဒီယိုကမ်ပိန်း

Jai Wan Mai 
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုဝင်ဘာ ၇ တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ရှမ်းတိုင်းရင်းသား အဖွဲ့များ၏ မဲမပေးရေး ဗီဒီယို ကမ်ပိန်းကို အရင်သောကြာနေ့က ချင်းမိုင်တွင် ပြုလုပ်ခဲ့သည်။


Swanlogo2

ကမ်ပိန်းရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ တရားမျှတမှု မရှိပုံ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အပြစ်အနာအဆာများနှင့် ရှမ်းပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ထောက်ပြရန် ဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက်အဖွဲ့ (SWAN)၊ ရှမ်းပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ရှမ်းလူငယ်မီဒီယာအင်အားစု တို့ ပူးပေါင်းပြုလုပ်ပြီး YouTube ဗီဒီယို ဝက်ဘ်ဆိုဒ်သို့ ဗီဒီယိုဖိုင်များ တင်ခဲ့ကြသည်။

ကမ်ပိန်းတွင် ရှမ်းတိုင်းရင်းသား အနုပညာရှင် ဟန်လေးကလည်း စစ်အစိုးရ ရွေးကောက်ပွဲကိုသရော်သည့် ကာတွန်းများ ပါဝင်ရေးဆွဲခဲ့သည်။
နိုဝင်ဘာ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး လူထုအတွက် စစ်မှန်သည့် အပြောင်းအလဲပေါ်လာမည် မဟုတ်ဟု သူတို့က ဆိုသည်။

“လူတွေက လွတ်လပ်ပြီး တရားမျှတတဲ့၊ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု အစစ်တွေ ပေးနိုင်မယ့် ရွေးကောက်ပွဲမျိုးပဲ လိုလားနေကြတာပါ။ အခုရွေးကောက်ပွဲ ကတော့ အယောင်ဆောင် ဟန်ပြ သက်သက်ပဲ” ဟု ဦးဆောင်ကျင်းပသူ တယောက်က မဇ္ဈိမကို ပြောခဲ့သည်။

မေလကလည်း ရှမ်းပြည်တပ်မတော် (SSA) ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီက စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ရလဒ်များကို အသိအမှတ်ပြု ထောက်ခံမည်မဟုတ်ဟု ကြေညာချက်ထုတ်ခဲ့သေးသည်။

သို့သော် ရွေးကောက်ပွဲဝင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကမူ လာမည့် ရွေးကောက်ပွဲသည် လူထုအတွက် အခွင့်အရေး တခု ဟု ဇူလိုင်လက ဧရာဝတီမဂ္ဂဇင်းတွင် ပြောခဲ့သည်။ လွှတ်တော်သုံးရပ်စလုံးတွင် စစ်တပ်က ၂၅ရာခိုင်နှုန်း အလိုအလျောက်ယူထားသည့် ကြားက ဦးစိုင်းအိုက်ပေါင်းက ထိုသို့ပြောသည်။

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ် အင်အားစုများ၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) စသည့်အဖွဲ့များထိန်းချုပ်သည့် ရှမ်းပြည်နယ် ၁၂ မြို့နယ်တွင် လုံခြုံရေးစိုးရိမ်သည့်အတွက် ရွေးကောက်ပွဲမလုပ်ဟု စစ်အစိုးရရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates