Thursday, October 14, 2010

တက္ကသိုလ်ဘုန်းနိုင်ဇနီးကို ဓားပြက အုတ်ခဲနဲ့ထု၊ မစိုးရိမ်ရဟုဆို

ချင်းမိုင်(မဇ္စျိမ) ။     ။ နေ့ခင်းကြောင်တောင် အနုကြမ်းစီးသူက အုတ်ခဲဖြင့် ထု၍ ကွယ်လွန်သူ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၏ဇနီး ဒေါ်နီနီခင် ခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

သန်လျင်မြို့နေ ဒေါ်နီနီခင် (၇၅ နှစ်) ၏ အိမ်ကို မနေ့မနက် ၁၁ နာရီခန့်က ဓားပြတိုက်စဉ် ဓားပြက အုတ်နီခဲဖြင့် ထုရိုက်သော ဒဏ်ရာကြောင့် ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောတွင် တက်ရောက် ကုသနေရသည်။

ဒေါ်နီနီခင်က မိသားစုကို ပြန်ပြောပြချက်အရ တယ်လီဖုန်းပြင်သူ
phonenain
တက္ကသိုလ်ဘုန်းနိုင်
ဟန်ဆောင်သော အသက် ၃ဝ ဝန်းကျင် အမျိုးသားတဦးက ရေသောက်ပါရစေဟု အိမ်ထဲဝင်ခွင့်တောင်းပြီး အနုကြမ်းစီးသည်ဟု ဆိုသည်။ အခင်းဖြစ်ပွားစဉ်က ဒေါ်နီနီခင် တဦးတည်းသာ အိမ်တွင် ရှိနေသည်။

“မနေ့ကဆို သွေးတွေနဲ့ တော်တော်စိုးရိမ်စရာကောင်းတယ်။ ဂျိုစောင်းကို ထိသွားတာ။ ညကတော့ စီတီစကန် ရိုက်တယ်လေ။ ဒဏ်ရာတအားများလို့ နာနေတာတော့ ရှိတာပေါ့နော်။  ၁ဝ ချက်ကျော်လောက် ချုပ်ရတယ်။ ကိုယ်ပေါ်မှာလဲ ဒဏ်ရာတွေ ရှိတယ်။ ဆရာဝန်ကတော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်”ဟု ဒေါ်နီနီခင်၏ ဆွေမျိုးတဦးက မဇ္စျိမကို ပြောသည်။

“ခေါင်းထုတယ်။ လည်ပင်းလဲ ညှစ်တယ်။ ပါးစပ်ပိတ်တယ်။ လည်ပင်းညှစ်တဲ့အချိန်မှာ မင်းဘာလိုချင်တာလဲ၊ ပိုက်ဆံ လိုချင်တာလားလို့ မေးတော့ ဟုတ်တယ်၊ ဒါဆို ဟိုပိုက်ဆံအိတ်ထဲမှာ ငွေ ၅ သောင်းရှိတယ်၊ အဲဒါယူသွားလို့ ပြောလိုက်တယ်တဲ့။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း လမ်းမဘက်က ဆိုင်ကယ် ကယ်ရီသံတခုကြားတော့ ထွက်ပြေးသွားတယ်တဲ့”ဟု သူက ထပ်ပြောသည်။

တရားခံကို ရှာနေဆဲဖြစ်ပြီး ပြစ်မှုဆိုင်ရာ နာကျင်စေမှု၊ လုယက်မှု ဥပဒေပုဒ်မ ၃၉၄ ဖြင့် တိုင်ချက် ဖွင့်ထားကြောင်း သန်လျင်မြို့နယ် ရဲစခန်း တာဝန်ရှိသူ တဦးက ပြောသည်။

သန်လျင်မြို့တွင်း ဖုန်းလိုင်းများ မကြာခဏ ပြတ်တတ်ရာ ပြန်ကောင်းဖို့ အကြာကြီးစောင့်ရသဖြင့် ဆက်သွယ်ရေးဝန်ထမ်း မဟုတ်သော လိုင်းပြင်ဆရာများကို ငှားလေ့ရှိကြသည်။

တက္ကသိုလ်ဘုန်းနိုင်မှာ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း တဦးဖြစ်ပြီး ၁၉၈၈ အရေးအခင်းတွင် ဟောပြောမှုကြောင့် အနားယူခဲ့ရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates