Friday, October 1, 2010

ကေအိုင်အိုက မူးယစ်ဆေးဝါး တိုးမြှင့်နှိမ်နင်းမည်ဟု ပြောဆို

ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။      ။ တနေ့တခြား ကြီးထွားလာသည့် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပြဿနာများကို တိုးမြှင့်နှိမ်နင်းသွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက ပြောဆိုလိုက်သည်။

ပြည်နယ်အတွင်း တောရောမြို့ပါ မူးယစ်ဆေးဝါး သုံးစွဲသူနှင့်  ရောင်းဝယ်ဖောက်ကားမှု များပြားလာသဖြင့် ထိရောက်သည့် နည်းလမ်းများဖြင့် နှိမ်နှင်းသွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“မြို့ပေါ်မှာရော နယ်မှာရော သုံးစွဲတဲ့သူတွေ ပိုများလာနေတယ်ဗျာ။ သုံးတဲ့လူများလာတော့ ရောင်းဝယ်ဖောက်ကားတာတွေလည်း ပိုများလာတာပေါ့ဗျာ။ အဲဒီတော့ အရင်က လုပ်နေတဲ့ပုံစံကို ပိုပြီး ထိထိမိမိ လုပ်သွားဖို့ပါ” ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

သို့သော် ကချင်ပြည်နယ်ရှိ မူးယစ်ဆေးဝါးကိစ္စများကို မည်ကဲ့သို့ နှိမ်နှင်းသွားမည်နှင့် မည်သည့်အချိန်တွင် စတင်မည်ကိုမူ ဗိုလ်မှူးကြီး ဆင်ဝါးက ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

“လက်တွေ့ဖြစ်နိုင်တဲ့အပေါ်မှာ ကျနော်တို့ နည်းလမ်းရှာပြီး လုပ်သွားမှာပါ။ အသေးစိတ် နည်းလမ်းကတော့ မပြောနိုင်သေးပါဘူး” ဟု သူက ဆိုသည်။

ပြည်နယ်တွင်း၌ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဖန်ဆီဒိုင်း၊ ရာဘ၊ ဖော်မြူလာ စသည့် မူးယစ်ဆေးဝါးမျိုးစုံကို အလွယ်တကူ ဝယ်ယူနိုင်သဖြင့် လူငယ်များ ပျက်စီးရကြောင်း မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ရွာနားမှာ ချောင်းရှိတယ်။ အဲဒီချောင်းဘေးက အိမ်လေးတွေမှာ နံပါတ်ဖိုးတွေ ရောင်းကြတယ်။ တချို့ဆိုရင် ဗီဒီယိုရုံရှေ့မှာ ပုလင်းအဖုံးလေးနဲ့ ချင့်ပြီးတော့ကို တခွက်ကို ၅ဝဝ ဆိုပြီး ဒီအတိုင်း ပေါ်တင်ရောင်းနေတာ။ ခေတ်ပညာတတ် လူငယ်တွေအပါအဝင် လူငယ်တော်တော်များများ ပျက်စီးနေကြတယ်” ဟု သူက ပြောသည်။

ယင်းသို့ ရောင်းချရန်အတွက် တလလျှင် ကျပ် ၁ သိန်းခွဲကို ကျေးရွာ ဥက္ကဋ္ဌ၊ နယ်မြေခံ စခန်းမှူးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူများကို လာဘ်ငွေပေးဆောင်ရပြီး မှော်ဟန်ကျေးရွာ တခုတည်း၌ပင် မူးယစ်ဆေးရောင်းချသူ ဦးရေ ၁ဝဝ ကျော် ရှိသည်ဟု ဆိုသည်။

ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည်နယ်အရေး အနီးကပ် လေ့လာစောင့်ကြည့်နေသည့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် ကေဒီအန်ဂျီ ဥက္ကဋ္ဌ ကိုအောင်ဝါက မဇ္ဈိမကို ပြောသည်။

“အထူးသဖြင့် လူငယ်နဲ့ လူလတ်ပိုင်းတွေ သုံးတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ နောက် အပြင်လောကမှာတွေလည်း ယောက်ျားရော၊ မိန်းမပါ သုံးနေကြတယ်။ ဧရာဝတီမြစ်ဆိပ်ဘေးမှာ ထိုင်ဖို့ လုပ်ထားတဲ့ ခုံတန်းလျားနေရာမှာဆိုရင် သုံးပြီးသား ဆေးထိုးအပ်တွေ ပုံနေတယ်”ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ဝင်ရောက်သည့် မူးယစ်ဆေးဝါးများအနက် အများစုမှာ တရုတ်ပြည်နှင့် ရှမ်းပြည်နယ်ဘက်မှဖြစ်ပြီး လူငယ်အများစု သုံးစွဲသည့် ဖန်စီဒိုင်းမှာ အိန္ဒိယဘက်မှ ဝင်ရောက်သည်။ မူးယစ်ဆေးဝါးများကို သယ်ယူရာ လမ်းတလျှောက်ရှိ နယ်မြေခံ စစ်တပ်များကို လာဘ်ငွေပေး၍ သယ်ယူကြသည်ဟု မြစ်ကြီးနား ဒေသခံများက ပြောဆိုကြသည်။

“မူးယစ်ဆေးဝါးကြောင့် ကချင်ပြည်သူတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့်ပေါ့ ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။ လူတယောက် ဆေးစွဲတယ်ဆိုရင် သိတဲ့အတိုင်းပဲလေ အလုံးစုံ နိမ့်ကျသွားတာကိုး” ဟု ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

ကေအိုင်အိုသည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် ၁၉၉၄ ခုနှစ် မတိုင်မီကာလများက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တင်းကျပ်စွာ ပိတ်ပင်တားမြစ်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“အရင်တုန်းကဆိုရင် မူးယစ်ဆေးသယ်တဲ့လူကို မိတာနဲ့ လူအများရှေ့မှာ ပစ်သတ်လေ့ရှိတယ်။ ပြီးရင် အဲဒီလူရဲ့ နာမည်၊ သယ်လာတဲ့ မူးယစ်ဆေးက ဘယ်လောက်ကီလိုဂရမ်၊ သူ့ဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက ဘာတွေဆိုပြီးတော့ လူမြင်ကွင်းမှာ ပြထားတာ။ အဲဒီတုန်းကများ ဆေးသုံးဖို့တို့ ရောင်းဖို့တို့ဆို တော်တော်ကို လန့်ကြတယ်။ မလုပ်ရဲကြဘူး” ဟု သူက ပြောသည်။

သို့သော် စစ်အစိုးရနှင့် အပစ်ရပ်ပြီးနောက် ကေအိုင်အိုက ပြည်နယ်တွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ ရောင်းချသူများကို ခေါ်ယူသတိပေးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများကို စနစ်တကျ တားဆီးနိုင်ခြင်း မရှိသဖြင့် နှစ်ကြာလာသည်နှင့်အမျှ ပြည်နယ်တခုလုံး၌ မူးယစ်ဆေးဝါးပြဿနာ ပိုမိုကြီးထွားလာခဲ့သည်ဟု ကိုအောင်ဝါက ပြောသည်။

“ကချင်လူမျိုးတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပြည်နယ်တခုလုံး ဒုက္ခရောက်စေတဲ့ ဒီမူးယစ်ဆေးဝါး ကိစ္စတွေကို ကေအိုင်အိုက နှိမ်နှင်းသင့်တယ်လို့ ကျနော်မြင်တယ်။ သူတို့က ဒီကိစ္စကို အတိုင်းအတာ တခုအထိတော့ နှိမ်နှင်းလို့ရမယ်လို့ ယုံကြည်ပါတယ်” ဟု သူက ပြောသည်။

ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ် စာချုပ်ချုပ်ဆိုခဲ့အပြီး ၎င်းတို့နှင့် ပတ်သက်သော လူမှုအဖွဲ့အစည်းများနှင့် မြန်မာပြည် မြောက်ဖျားပိုင်း ဒေသအများကို ထိန်းချုပ်ရန် စစ်အစိုးရက ခွင့်ပြုခဲ့သည်။

ဒေသတွင်းရှိ ကျောက်စိမ်းတွင်းများ၊ ရွှေတွင်းများ၊ သစ်လုပ်ငန်းများမှ ကေအိုင်အိုက အခွန်အခများ ကောက်ခံခဲ့သလို ဒေသခံများအတွက် လျှပ်စစ်မီး ပေးဝေခြင်း၊ လမ်းဖောက်၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးခဲ့သည်။

သို့သော် စစ်အစိုးရက ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ အင်အား ၂ သောင်းခန့်ရှိပြီး အမြဲတမ်း စစ်သည်အင်အား ၈ဝဝဝ ခန့်ရှိသော ကေအိုင်အို အပါအဝင် အပစ်ရပ်အဖွဲ့များ အားလုံးကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သော်လည်း ကေအိုင်အိုက ယခုတိုင် ငြင်းဆန်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates