Wednesday, October 13, 2010

ဦးအောင်သင်း နိုင်ငံကူးလက်မှတ် မရသေး

ခိုင်စု 

နယူးဒေလီ (မဇ္ဈိမ) ။      ။  စစ်အစိုးရ မှားယွင်းမှုများကို ဝေဖန်ဟောပြောလေ့ရှိသည့် စာရေးဆရာ အောင်သင်းကို  နိုင်ငံကူးလက်မှတ် ထုတ်မပေးသေးကြောင်း သိရသည်။



ယခင် ၃ နှစ်လောက်က နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို  ထုတ်မပေးခဲ့သလို မကြာခင်က ထပ်လျှောက်ရာတွင်လည်း ရသင့်သည့်ကာလ ကျော်သည်အထိ မရသေးဟု သိရသည်။

“လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားတွေလဲ အကုန်တင်တာပဲ။ ဘာလို့ ထုတ်မပေးသေးလဲ မသိဘူး။ တချို့ဟောပြောပွဲတွေမှာ သူတို့အာဘော်ကို ထိတာ ပါသွားတာရှိတယ်။ အဲဒါကြောင့်လို့ ထင်တာပဲ” ဟု ဦးအောင်သင်းက မဇ္ဈိမကို ပြောသည်။

၈၃ နှစ်အရွယ် ဦးအောင်သင်းသည် စင်္ကာပူက သားထံ သွားရန် နိုင်ငံကူးလက်မှတ် လုပ်နေသည်။

“ဆရာ အောင်သင်းမှ မဟုတ်ပါဘူး။ ဘယ်သူမဆို လွတ်လွတ်လပ်လပ် သွားစေချင်ပါတယ်။ ဆရာအောင်သင်းလို ပုဂ္ဂိုလ်မျိုးကို ပိုပြီး သွားစေချင်ပါတယ်။ သားအဖချင်း တကွဲစီ ဖြစ်နေတဲ့ သူတွေအတွက် ပိုပြီး စာနာထောက်ထားဖို့ ကောင်းတာပေါ့ဗျာ” ဟု မန္တလေးစာရေးဆရာတဦးက ပြောသည်။

လူငယ်ပြုပြင်ရေးနှင့် စာပေဝေဖန်ရေးသမား အောင်သင်း၏ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့၊ ကိုယ်ကျင့်နှင့် ပညာ၊ ကန့်ကူလက်လှည့်နှင့် စာပေလူကြမ်းမင်းသားအောင်သင်းစာအုပ်များမှာ လူကြိုက်များသည်။

၁၉၂၇ တွင် တောင်တွင်းကြီးမြို့၌ ဦးအောင်သင်းကို မွေးဖွားခဲ့ပြီး မေမြို့စစ်တက္ကသိုလ်တွင် မြန်မာစာ လက်ထောက်ကထိကလုပ်ခဲ့သည်။  မြဝတီမဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးပြီး စာပေနယ်သို့ ဝင်လာသည်။



 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates