Saturday, October 23, 2010

သီဟိုဠ်ပြန်များကို သာသနာရေးက ပြန်လွှတ်ပေး

ဆလိုင်း ဟံသာစန်း
နယူးဒေလီ (မဇ္ဈိမ)။       ။ သီတဂူဆရာတော် ဦးဉာဏိဿရ၏ ကြိုးပမ်းမှုဖြင့် သိရီလင်္ကာမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား သာမဏေနှင့် သီလရှင်ငယ် ၃၅ ပါးတို့ကို  သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ၂ ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ယနေ့ ပြန်လွှတ်ပေးလိုက်သည်။

သီရိလင်္ကာနိုင်ငံသား ဆရာတော် ဦးစန္ဒိမာက နာဂစ်ဆိုင်ကလုန်း  မိဘမဲ့များအဖြစ် ခေါ်သွားသည့် ကိုရင်နှင့် သီလရှင် အပါး ၁ဝဝ ကျော်အနက် ပထမအသုတ် ပြန်ခေါ်လာရာ ယခုလ ၁၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်လာခဲ့သော်လည်း သာသနာရေးဌာနက လေဆိပ်တွင် လာကြိုသည့် မိဘများ၊ သီတဂူအဖွဲ့သားများနှင့် တွေ့ဆုံခွင့် မပေးဘဲ လေယာဉ်မှ ဆင်းသည်နှင့် VIP တံခါးပေါက်မှ ခေါ်ထုတ်သွားခဲ့သည်။


shadaw05
သီတဂူဆရာတော် ဦးဉာဏိဿရ (photo :: www.sitagustar.net/)
ထို့နောက် သာမဏေနှင့် သီလရှင်လေးများကို မရမ်းကုန်းမြို့နယ်ရှိ နာဂလှိုဏ်ဂူ ကလေးဝ တောရကျောင်းတွင် ထိန်းသိမ်းခဲ့ပြီး ယနေ့ နေ့လည်တွင် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများနှင့် မိဘများထံ ပြန်အပ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ ကလေးတွေကို ကလေးဝတောရကျောင်းမှာ ထားတယ်။ ဒီနေ့ နေ့လည်ပိုင်း သက်ဆိုင်ရာ ဆရာတော်တွေနဲ့ မိဘတွေဆီ ပြန်အပ်ကြတယ်။ အကုန်လုံး ပြန်ရောက်ကုန်ကြပါပြီ” ဟု သာမဏေနှင့် သီလရှင်လေးများ လက်ခံရယူခဲ့သည့် ရန်ကုန်မြို့ရှိ ကျောင်းထိုင် ဆရာတော်တပါးက ပြောသည်။

ရွှေပြည်သာမြို့နယ်ရှိ တေဇာရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်တပါးကလည်း “ဦးဇင်းတို့ ကျောင်းက ကိုရင် ၃ ပါးနဲ့ သီလရှင် ၁ဝ ပါး ဒီနေ့ နေ့လည် ၁၂ နာရီက ကျောင်းကို ပြန်ရောက်လာခဲ့ပါတယ်” ဟု ပြောသည်။

မလေးရှား လေကြောင်းလိုင်းဖြင့် ယခုလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်၌ ပြန်ရောက်လာသည့် ၃၅ ပါးတွင် ကိုရင် ၁၁ ပါးနှင့် သီလရှင်ငယ် ၂၄ ပါး ပါဝင်သည်။

သီတဂူဆရာတော်ကြီး၏ တာဝန်ပေးချက်အရ  သီတဂူ သာသနာပြုအဖွဲ့မှ ဦးဝင်းအောင်နှင့် ဦးဝေလွင်တို့က ကလေးများကို သီရိလင်္ကာသို့ သွားခေါ်ခဲ့ သည်။ 

သီတဂူအဖွဲ့က ယခုလ ၁၉ ရက်နေ့တွင် လေဆိပ်အနီးရှိ ရောမမာန် စားသောက်ဆိုင်တွင် ကလေးများ၏ မိဘများနှင့် ဆရာတော်များထံ ပြန်အပ်သည့်ပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း သာသနာရေးက ကြိုတင်အကြောင်းမကြားဘဲ ခေါ်သွားသဖြင့် အစီအစဉ်များအားလုံး ဖျက်သိမ်းခဲ့ကြရသည်။

“သီတဂူအဖွဲ့က အဲဒီစားသောက်ဆိုင်မှာ ကလေးမိဘတွေနဲ့ သူတို့ ဆရာဘုန်းကြီးတွေကို ဆွမ်းကပ်တယ်။ ကလေးတွေကိုလည်း အဲဒီမှာ ကျွေးဖို့ စီမံထားတာပဲ။ ကလေးတွေကို ကျွေးဖို့ နေနေသာသာ တွေ့ခွင့်တောင် မပေးခဲ့ဘူး။ ကိုယ့်ဟာကိုယ် ပိုက်ဆံအကုန်ခံပြီး မခေါ်ဘဲ မြန်မာပြည်ရောက်မှ ပြန်ပေးဆွဲသလို ဖြတ်လုသွားခဲ့တာ”ဟု လေဆိပ်တွင် ကိုယ်တိုင်သွားရောက်ကြိုဆိုခဲ့သူ သီတဂူအဖွဲ့မှ ဆရာတော်တပါးက ပြောသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျောင်းထိုင်သီတင်းသုံးနေသည့် ဆရာတော် ဒေါက်တာ ဦးစန္ဒိမာသည် မြန်မာကလေးငယ် ၁ဝဝ ကျော်ကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်ပေးမည် ပြောဆိုကာ သာသနာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂ဝဝ၉ အောက်တိုဘာလထဲတွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ကလေးများသည် မူလက မျှော်မှန်းထားသလို ပညာမသင်ရသည့်အပြင် စားဝတ်နေရေး ချို့တဲ့လှသဖြင့် သီရိလင်္ကာရှိ မြန်မာရဟန်းတော်များ၊ သံရုံးနှင့် မိဘများထံ မြန်မာပြည်သို့ ပြန်ခေါ်ရန် စာများပေးပို့ရာမှ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် သီတဂူ ဆရာတော်ကြီး သိရှိသွားပြီး ပထမအသုတ်အဖြစ် ပြန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

“သာသနာရေးက သူတို့ကိုယ်တိုင် ကလေးတွေကို သီဟိုဠ် ထည့်ပေးလိုက်တာပဲ။ အခု ဒီလိုတွေဖြစ်တော့ သူတို့မှာ တာဝန်ရှိတယ်လေ။ ဒါကြောင့် ဒီကိစ္စကို မီဒီယာတွေ မသိအောင်၊ အကျယ်အကျယ် မဖြစ်အောင် လိုက်ပိတ်နေတဲ့ အနေနဲ့ အခုလို လုပ်တာပါ” ဟု သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ကိုလံဘိုမြို့ရှိ ကျောင်းတိုက်များတွင် မြန်မာနိုင်ငံသား ကိုရင်နှင့် သီလရှင်ပေါင်း ၇ဝ ကျော် ကျန်ရှိနေသေးပြီး စားရေး၊ နေရေး ခက်ခဲကျပ်တည်းနေသဖြင့် အမြန်ဆုံး ပြန်ခေါ်ပေးပါရန် သီရိလင်္ကာ ကိုလံဘိုမြို့တွင် ပညာသင်ကြားနေသည့် စာသင်သား မြန်မာရဟန်းတော် ဦးကေသရက မဇ္ဈိမကို မိန့်ဆိုသည်။

“ကူညီပေးနေတဲ့ သီတဂူဆရာတော်ကိုလည်း ကျေးဇူးတင်တယ်။ ကျန်နေသေးတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေ ဒီမှာ အတော်လေး ဒုက္ခရောက်နေတာကို မြင်နေရတဲ့အတွက် အကုန်လုံး ဝိုင်းဝန်းပြီး အမြန်ဆုံး လာခေါ်စေချင်တယ်” ဟု ဦးကေသရက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates