Tuesday, September 28, 2010

အကုန်ထ အုံကြွ

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။      ။ ’’အကုန်ထ အုံကြွ’’ ပြည်သူ့ရင်ဖွင့်သံ အမည်ရ ရွေးကောက်ပွဲ ဆန့်ကျင်ရေး သီချင်းစီဒီခွေကို ကိုရီးယားရောက် မြန်မာများက ထုတ်လုပ်ကာ လာမည့် အောက်တိုဘာ ၃ ရက်တွင် ကမ္ဘာတ၀ှမ်း ဖြန့်ချိမည်ဟု သိရသည်။

’ရုန်းကန်ရ’၊ ’သမိုင်းမဲ့ အမြင်မတော်’၊ ’သဏ္ဌာန်တူညီ’၊ ’ရွေးကောက်ပွဲ ၀င်မယ်တဲ့’၊ ’အမှန်မမြင်သူ’၊ ’အကုန်ထ အုံကြွ’၊  ’နအဖ ဗြောင်လိမ်သူ’၊ ’ငကြောင်တွေရူး’ ခေါင်းစဉ်ဖြင့် သီချင်း ၈ ပုဒ် ပါဝင်သည်။ ရဲနိုင်ဝင်း (ရွှေကျွန်း) ရေးစပ်ပြီး အာကြယ်၊ ၀င်းလှိုင် (နန်းတော်ရှေ့) နှင့် အာဗြဲ သီဆိုကာ ဆိုးလ်မြို့တော်၌ အသံသွင်းသည်။

“မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ခံစားပြီး ရေးတာပါ။ ပြည်သူ့ရင်ဖွင့်သံ ဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ ကိုယ်စား လက်ရှိ စစ်အစိုးရ လုပ်ရပ်တွေကို မျက်စိထဲမြင်အောင် ပြည်သူတွေကို ပြချင်တဲ့ ဆန္ဒနဲ့ ဆိုတာပါ” ဟု ပါဝင်သီဆိုသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

 သုံးပန်လှ၊ ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ ခေတ်ဟောင်းတေးများ အလိုက်ယူကာ ရေးဖွဲ့ထားသည်။

အကုန်ထ အုံကြွ သီချင်းစာသားအချို့မှာ ’’အို … မထိတထိ ရင်နာစရာတွေ ရိုင်းစိုင်းလွန်းတဲ့ အစိုးရနဲ့ လွဲရပါစေ… လွဲရပါစေ။ အုံထ အုံကြွ ဓားပြတိုက်ကြတဲ့ အစိုးရတွေ ဆလံအခါခါ၊ အပြန်တရာ သလိုက်ပါရဲ့ ဘ၀ဆက်တိုင်း လွဲကြပါစေ’’ ဟု ရေးသားထားပြီး ရွေးကောက်ပွဲ ၀င်မယ် သီချင်း၌မူ “စစ်အင်္ကျီ ချွတ်မယ် အပြေးအလွှားကွယ် ပုလိပ်ဥာဏ်မျိုးစုံအသုံးပြုကာ ရွေးကောက်ပွဲကို ၀င်မတဲ့… အတော်လေး ဟားလောက်ရဲ့ မျောက်ပွဲကြည့်ရမယ့် အာဏာအတွက်ဆို မရှက်ပဲ … ကြံ့ဖွတ် ငဖားတွေ ရမ်းကားနေ တောကြောင်သူခိုးနဲ့ အပေါင်းအသင်းတွေ ဘ၀ဖျက်တာ သိသူ တပုံကြီး အလွန်ပင် ရမ်းကားနင်းပြား ကြံပုံ မျိုးးဖွတ် ကျန်ဖြတ်တွေ တော်တော်အရှက်ကိုမဲ့ (အကျင့်ကိုပျက်) ဟု ပါရှိသည်။

စီဒီတချပ်လျှင် တောင်ကိုရီးယား ၀မ် ၅,၀၀၀ ၊ နိုင်ငံတကာရောက် မြန်မာများကို အမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် ရောင်းကာ အမြတ်အစွန်းကို မြန်မာပြည်ရှိ လူမှုရေးလုပ်ကိုင်သည့် အဖွဲ့များထံ လှူဒါန်းမည် ဟုဆိုသည်။

၂၀၀၇ ခုနှစ်တွင် “ခြစားယိုယွင်း မြန်မာ့ရှုခင်း” အမည်ရ ပြည်သူ့ရင်ဖွင့်သံ တေးစု (၁) ကို ထုတ်လုပ်ခဲ့သေးသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်ကို တန်ဖိုးကြီး စိန်ထည်များဖြင့် ကျင်းပချိန်တွင် လူအများ ငတ်ပြတ်ဆင်းရဲနေပုံနှင့် အဓမ္မလုပ်အားပေး အခြေအနေများကို လှောင်ပြောင်သီဆိုထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates